ရသေ့တောင်တွင် ကျွဲရှာသွားသည့်လူတစ်ဦး မိုင်းနင်းမိ၍သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲခန့်က မိမိကျွဲများကို သွားရောက်ရှာဖွေစဉ် မိုင်းနင်းမိသဖြင့် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ရေဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝေသိန်းက ပြောသည်။ 

By မြတ်ဆွေ 02 Feb 2020

မြတ်ဆွေ | DMG
ဖေဖော်ဝါရီ ၂ ၊ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲခန့်က မိမိကျွဲများကို သွားရောက်ရှာဖွေစဉ် မိုင်းနင်းမိသဖြင့် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ရေဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝေသိန်းက ပြောသည်။ 

သေဆုံးသွားသူမှာ အသက် (၅၈)နှစ်အရွယ် ဦးသိန်းစိုးအောင်ဖြစ် သည်။၎င်းသည် ယမန်နေ့က အမျက်တောင်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသဖြင့် ရေဘုတ်ကျေးရွာသို့ ထွက်ပြေးလာသူဖြစ်သည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှု အနည်းငယ် ငြိမ်သက်သွားပြီဖြစ်သဖြင့် မိမိကျွဲများကို သွားရောက်ရှာဖွေစဉ် အမျက်တောင်နှင့်ငစံဘော်ရွာကြားလမ်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ သူက မနေ့ကတိုက်ပွဲဖြစ်လို့ ကျနော်တို့ အိမ်ကိုထွက်ပြေးတိမ်းရှောင်လာတယ်။ ပြီးရင်နံနက် ၁၁ နာရီလောက်ကပင် ရေဘုတ်ကျေးရွာက ထွက်သွားတယ်။ ကိုယ့်ရွာကိုယ်အိမ်ကိုဝင်ပြီးတော့ ကျွဲကြည့်ဖို့သွားမယ်လို့ ပြောတယ်” ဟု ဦးမောင်ဝေသိန်းက ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရသေ့တောင်မြို့သို့ ပို့ဆောင်လိုက်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အမျက်တောင်ကျေးရွာအနီး တောင်ကုန်းများနှင့် လယ်ကွင်းပြင်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ငစံဘော်၊ အမျက်တောင်နှင့် မညင်းတောင်ကျေးရွာသို့ ကျည်ဆန်များ ကျရောက်မှုရှိခဲ့သည်။

ယနေ့လည်း မညင်းတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်ဟု ဒေသခံများထံက သိရသည်။

ဗီဒီယိုများ