ရခိုင်နှင့်ပတ်သက်ပြီး သတင်းမှားများ ဖြန့်ဝေနေသည့် “May Yu News”

လက်ရှိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြားဖြစ်ပွားနေသည့် သတင်း၊ တိုက်ပွဲနှင့်ဆက်စပ်သည့် အကြောင်းအရာများကို May Yu News ဆိုသည့် Facebook Page တစ်ခုက သတင်းမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

19 Feb 2020

လက်ရှိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြားဖြစ်ပွားနေသည့် သတင်း၊ တိုက်ပွဲနှင့်ဆက်စပ်သည့် အကြောင်းအရာများကို May Yu News ဆိုသည့် Facebook Page တစ်ခုက သတင်းမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

ယင်း Page ကို မည်သူက ပြုလုပ်ထားသည်ကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း အကြောင်းအရာအများစုမှာ “AA” နှင့်ပတ်သက်ပြီး သတင်းမှားများ ရေးသားနေသည်ကို တွေ့နေရသည်။ တစ်ချို့အကြောင်းအရာများကို အမှန်ဖြစ်ပျက်နေသည်များနှင့် လွဲချော်အောင် သူတို့ကိုယ်တိုင် သတင်းပုံစံဖြင့် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ (၁)နေ့က မင်းပြားမြို့နယ်၊ လက်မ မွတ်ဆလင်ကျေးရွာတွင် သောက်စားမူးယစ်နေသော လူအုပ်စုတစ်စုက လူငယ်သုံးဦးကို တုတ်၊ဓားများဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။ ယင်းအကြောင်းအရာများနှင့် ပတ်သက်ပြီး May Yu News က ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် “ပန်းမြောင်းဆေးရုံတွင် ဓားထိုးခံရသောဒဏ်ရာဖြင့် ဆေးကုနေသူများမှာ မူဆလင်ရွာသို့ ဆက်ကြေးကောက်ခံသူ AA တပ်ဖွဲ့ဝင်များဖြစ်နေ” ဟု ခေါင်းစဉ်ပေးကာ သတင်းမှားဖြန့်ဝေခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ကလည်း “ရခိုင်ပြည်နယ်တွင် တပ်မတော်ဘက်မှ တစ်ဖက်သတ်အပစ်ရပ်ဆိုင်းပေးရန် မြို့ကြီးများနှင့် ပြည်ပနိုင်ငံများတွင် တစ်ပြိုင်တည်း ဆန္ဒပြတောင်းဆိုမည်” ဟု သတင်းမှားတစ်ခုကို ဖြန့်ဝေခဲ့သည်။ ယင်းသတင်းမှားတွင် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဆန္ဒပြမည်ကိုလည်း ရေးသားထားခြင်းမရှိပေ။ ယင်းသတင်းမှားကို Like လုပ်သူ ၁၅၀၀ ကျော်နှင့် ဖြန့်ဝေသူ ၆၉၇ ယောက်အထိရှိသည်။

တစ်ချို့သတင်းများကို ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် Development Media Group (DMG) နှင့် Narinjara သတင်းဌာနတို့မှ ကူးယူဖော်ပြထားသည်ကို တွေ့ရသည်။

ယင်း Page ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ထိ Like လုပ်ထားသူ ၂၄၆၅၄ ဦးနှင့် Follow လုပ်ထားသူ ၂၅၁၃၅ ဦး ရှိသည်။

မူလက တခြားသတင်းဌာနက သတင်းများကို ခွင့်ပြုချက်မဲ့ကူးယူဖော်ပြခြင်း၊ သမိုင်းကြောင်းဆိုင်ရာ ဆောင်းပါးရှည်များကို ဖော်ပြခြင်းများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လက်ရှိတွင် လုပ်ကြံသတင်းအမှားများကို ဆက်တိုက်ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

ဗီဒီယိုများ