ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ အမ်းမြို့ခံတဦး တရားစွဲခံရ

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးသည်ဟုဆိုကာ အမ်းမြို့မှ အမျိူးသမီးတစ်ဦးကို မြို့နယ်ရွေး/ကော် အရာရှိကတရားလိုလုပ်ကာ တရားစွဲထားကြောင်း သတင်းရရှိသည်။

By DMG 27 Jan 2022

DMG ၊ ဇန်နဝါရီ ၂၇

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးသည်ဟုဆိုကာ အမ်းမြို့မှ အမျိူးသမီးတစ်ဦးကို မြို့နယ်ရွေး/ကော် အရာရှိကတရားလိုလုပ်ကာ တရားစွဲထားကြောင်း သတင်းရရှိသည်။

အဆိုပါ တရားစွဲခံရသူအမျိူးသမီးမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၇၁(စ)ဖြင့် အမ်းမြို့နယ်တရားရုံးတွင် တရားစွဲထားသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေဦးကျော်ဆန်းနိုင်က DMG သို့ပြောသည်။

“အဲဒီအမျိူးသမီးက အမ်းမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်ကပါ။ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၇၁(စ)နဲ့ တရားစွဲထားတာ။ အခုက သူကို အာမခံနဲ့မို့လို့ အပြင်မှာထားထားတယ်။ ရုံးချိန်းက ဖေဖော်ဝါရီလ ၉ ရက်နေ့၊ အမ်းမြို့နယ်တရားရုံးမှာ တရားစွဲထားပါတယ်။ နောက်ရုံးချိန်းတွင် တရားလိုကိုစစ်ဆေးသွားမယ်”ဟု ရှေ့နေကဆိုသည်။

ယင်းအမှုကို အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဦးစီးမှူး ဦးသူရိန်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၉ ရက်နေ့သို့ ရုံးချိန်းပေးထားကြောင်းလည်း ရှေ့နေ ဦးကျော်ဆန်းနိုင်ကပြောသည်။

ယင်းသို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး အမ်းမြို့နယ် ရွေးကော်အရာရှိ ဦးသူရိန်ထွန်းကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ယခုတရားစွဲခံထားရသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၇၁(စ)မှာ ရွေးကောက်ပွဲတွင် မလျှော်သြဇာသုံးမှု(သို့မဟုတ်) သူတပါးအယောင်ဆောင်မှုတို့ကိုဆိုလိုပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလျှင် ၎င်းအား တစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိူးဖြစ်စေ၊‌ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ ချမှတ်နိုင်ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင် တစ်ကြိမ်ထက်မဲပိုပေးသူ ၂၀၀၀ ကျော်အထိတွေ့ရှိထားပြီး နောက်ထပ်ဖော်ထုတ်အရေးယူသွားမည်ဟု စစ်ကောင်စီ၏ ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် UEC က ထုတ်ပြောခဲ့သည်။

"နိုင်ငံသား စိစစ်ရေးကတ်တူ၊ အမည်တူ မဲပေးသူပေါင်း ၂၁၆၉ ဦးကို အရေးယူနိုင်ရေး တိုင်ကြားတရားစွဲဆိုခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်စစ်ဆေးဆဲဖြစ်ပါတယ်"ဟု စစ်ကောင်စီ၏ ရွေးကောက်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောဆိုခဲ့သည်။

ဗီဒီယိုများ