ပြန်ပေးဆွဲခံရသည့် မောင်တောဒေသခံ ဆရာ၊ ဆရာမ နှစ်ဦး ပြန်လွတ်

မောင်တောမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ပညာရေး ဝန်ထမ်းနှစ်ဦး ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။

23 Jun 2022

DMG ၊ ဇွန် ၂၃

မောင်တောမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ပညာရေး ဝန်ထမ်းနှစ်ဦး ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။

၎င်းပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ် ခြံချောင်းကျေးရွာတွင် ပြန်ပေးဆွဲသူများမှ လွှတ်ပေးခဲ့ခြင်းဖြစ်ကျောင်း ပြန်ပေးဆွဲခံရသည့် ကျောင်းဆရာ၏ညီဖြစ်သူ ကိုအောင်သန့်က ဆိုသည်။

''အစ်ကို လွတ်လာတာတော့ အတည်ပြုလို့ရပါပြီ၊ ကျနော်တို့ ဒီမနက် ၇ နာရီလောက်က ဖုန်းအဆက်အသွယ်ရတာပါ။ အခု ကျနော်လမ်းမှာ သူတို့ကို သွားယူနေပါတယ်။ သူတို့ကို ဘင်္ဂလာပိုင် ခြံချောင်းမှာ လွှတ်ထားခဲ့ပြီး အခု ဒီဖက်ပိုင် ငါးခူရဘက်ကို ခေါ်ယူဖို့  လုပ်နေတယ်လို့ သိရပါတယ်။ ကျန်တာတော့ သူတို့နဲ့တွေ့ရမှပဲ ကျနော်ပြောလို့ရနိုင်မယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိရပါသေးတယ်" ဟု ၎င်းကဆိုသည်။

ယင်းပညာရေး ဝန်ထမ်းနှစ်ဦးမှာ ဇွန်လ ၁၆ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်ကပင် လူတစ်စုက ပြန်ပေးဆွဲသွားခြင်း ဖြစ်ပြီး ၎င်းတို့နှစ်ဦး လွတ်မြောက်လိုလျှင် တာကာငွေ သိန်း ၅၀ ဖြင့် ပြန်ရွေးရန် ပြန်ပေးဆွဲသမားများက ဖုန်းလှမ်းဆက်ခဲ့ကြောင်းသိရကာ (၈)ရက်မြောက်နေ့တွင်မှပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဗီဒီယိုများ