ကျောက်တော်တွင် မြန်မာစစ်တပ် ဖမ်းဆီးထားသူများထဲမှ အမျိုးသမီးလေးဦး ပြန်လွတ်၊ နောက်ထပ် ဒေသခံ အများအပြားကျန်ရှိနေသေး

ကျောက်တော်မြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၂၀ ကျော်အနက် အမျိုးသမီးလေးဦးကို မနေ့က ဇွန်လ ၂၁ ရက် ညနေ ၁၀ နာရီကျော်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများထံက သိရသည်။

22 Jun 2022

မြောက်ဦးမြို့အတွင်း ယနေ့ ဇွန်လ ၂၂ ရက် နံနက်က မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းနှင့် ကင်းလှည့်နေသည့်ပုံ။ (ဓါတ်ပုံ - CJ)

DMG ၊ ဇွန် ၂၂

ကျောက်တော်မြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၂၀ ကျော်အနက် အမျိုးသမီးလေးဦးကို မနေ့က ဇွန်လ ၂၁ ရက် ညနေ ၁၀ နာရီကျော်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ဒေသခံများကို ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းအမျိုးသမီးလေးဦးကို ကိုယ်ရေး အချက်အလက်များကို စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သော်လည်း တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် တခြားသူများကို လွှတ်မပေးသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

 “မနေ့က ဖမ်းသွားတဲ့သူတွေထဲက အမျိုးသမီးလေးယောက်ကို သူတို့ရဲ့အချက်အလက်တွေကို စစ်ဆေးယူပြီးပြန် လွှတ်လိုက်တယ်။ ကျန်တဲ့သူတွေကတော့ မလွတ်ကြသေးဘူး။ ဒီအမျိုးသမီးလေးယောက်နဲ့အတူ ယောကျာ်းလေး တစ်ယောက်စစ်ကားထဲမှာပါသွားတာ။ ကျန်တဲ့သူတွေကတော့ ရဲအချုပ်ကားထဲမှာပါသွားတာ။ ဒါပေမယ့် အခုပြန်လွတ်လာတဲ့ အမျိုးသမီးတွေပြောဆိုချက်အရ သူတို့နဲ့အတူ စစ်ကားထဲမှာပါသွားတဲ့ အမျိုးသားကို ထပ်မတွေ့တော့ဘူး။ ဘယ်မှာလဲဆိုတာလည်း သူတို့မသိဘူး။ သူတို့ကို တပ်ရင်းထဲကို မျက်နှာဖုံးစွပ်ပြီးခေါ်သွားတာ လို့ပြောတယ်။ တစ်ခြားရဲအချုပ်ကားမှာ ပါသွားတဲ့သူတွေလည်း ပြန်မလွတ်သေးဘူး။ ဘယ်မှာလဲဆိုတာကိုလည်း မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ ဖမ်းဆီးခံထားရသူများမှာ  ပြည်တော်သာရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ပိုက်သည်ရပ်ကွက်တို့မှပါဝင်ပြီး  ကိုဇော်ဝင်းကလွဲ၍ မည်သူ၊ မည်ဝါတို့ဖြစ်ကြောင်းကို အတည်ပြုမသိနိုင်သေးကြောင်းနှင့် မြန်မာစစ်တပ်က လှုပ်ရှားမှုများ ရှိနေသေးသည့်အတွက် စုံစမ်းရန်မဖြစ်နိုင်သေးကြောင်း မြို့ခံများက ပြောသည်။

“အခုအခြေအနေက အေအေဖက်ကလည်းဆွဲတယ်၊ စစ်တပ်ဖက်ကလည်းဖမ်းတယ်ဆိုတော့ နှစ်ဖက် တင်းမာ နေတာပေါ့။ လူတိုင်းကတော့ စိုးရိမ်ကြောက်လန့်နေကြတာပါပဲ။ စစ်တပ်ဖက်ကလည်း တစ်မြို့လုံးနေရာယူပြီး စစ်ဆေးနေတာဆိုတော့ ဈေးတွေလည်းပိတ်၊ ကျောင်းတွေလည်းပိတ်နဲ့။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေ အတွက်က တော့ အရမ်းစိုးရိမ်စရာကောင်းတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာစစ်သားများသည် စစ်ကားနှစ်စီးဖြင့် သေနတ် ၁၀ ချက်ခန့် ပစ်ဖောက်ဝင်ရောက်လာ ကာ လမ်းသွား၊ လမ်းလာ ဒေသခံများ၏ ဖုန်းများကို စစ်ဆေးမှုများရှိနေကြောင်း အခြားဒေသခံတစ်ဦးက ပြော သည်။

“ဒီနေ့လည်းစစ်သားတွေထပ်ဝင်တယ်။ ဈေးတွေလည်း ခဏဖွင့်ပြီး သူတို့ထပ်ဝင်လာတွေရှိလို့ပြန် ပိတ် သွားကြပြီ။ လမ်းတွေမှာလည်း အစစ်အဆေးတွေကရှိနေသေးတယ်။ သူတို့က လမ်းသွားလမ်းလာတွေကို တခြားအကြောင်းအရာတွေမေးတာတော့မရှိဘူး။ ဖုန်းကိုအဓိကသိမ်းပြီးစစ်တာ။ ဖုန်းထဲမှာ အေအေနဲ့ ဆက်စပ်တဲ့ပုံတွေ လိုင်းပေါ်ကပုံတွေပို့ပေးထားကြတာတွေရှိလားပေါ့။ ပြီးတော့ ဖုန်းအဆက်အသွယ် ရှိမလားဆိုပြီးစစ်တာပေါ့။ ဒီနေ့လည်း စာသင်ကျောင်းတွေ ထပ်ပိတ်ထားရတယ်။ လူလတ်ပိုင်းနဲ့လူငယ်ပိုင်း ယောကျာ်းတွေဆိုလည်း မြို့ထဲမှာ သိပ်မရှိတော့ဘူး။ သူတို့ကိုကြောက်ပြီး လွတ်ရာရှောင်နေကြရတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးတင်းမာနေပြီး မြန်မာစစ်တပ်ဘက်က ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားစသည့်မြို့နယ်များမှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှု ဆက်တိုက်ရှိနေသည်။ ထို့ကြောင့် နှစ်ဖက်တိုက်ပွဲအချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်း ရခိုင်အရေးလေ့လာသုံးသပ်သူများက ပြောသည်။

ဗီဒီယိုများ