ရက္ခိုင့်တပ်တော်နေ့တွင် စစ်သုံ့ပန်းတချို့ကို AA က ပြန်လွှတ်ပေး

တိုက်ပွဲကာလ၌ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း(၃)ဦးကို ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်မြောက်မွေးနေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာအနီး၌ AA က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

11 Apr 2022

DMG ၊ ဧပြီ ၁၁

တိုက်ပွဲကာလ၌ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း(၃)ဦးကို ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်မြောက်မွေးနေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာအနီး၌ AA က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါစစ်သုံ့ပန်း ၃ ဦးကို ယမန်နေ့(ဧပြီလ ၁၀ ရက်) ညနေ ၃ နာရီခန့်တွင် ဆင်အင်းကြီးကျေးရွာ၏တောင်ဖက် ပေ ၁၀၀ ကျော်ခန့်အကွာ စာသင်ကျောင်းမှနေ၍ လွှတ်ပေးခြင်းလိုက်ခြင်းဖြစ်ကြောင်း ဆင်အင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစံသာကျော်က DMG သို့ ပြောသည်။

“ကျနော်တို့ရွာရဲ့စာသင်ကျောင်းကနေ လွှတ်ပေးခဲ့တာ။ အဝေးကပဲမြင်ရတာ။ လွှတ်ပေးခဲ့ကတော့ ၃ ယောက်ပါ။ ရက္ခိုင့်တပ်တော်ဖက်က ကားတစ်စီးနဲ့လာပို့သွားတာ။ ဘာဖြစ်လို့လွှတ်ပေးသွားလဲဆိုတာတော့ မသိဘူး”ဟု ဦးစံသာကျော်ကဆိုသည်။

ပြန်လွှတ်ပေးလိုက်သည့် စစ်သုံ့ပန်းတို့၏ ရာထူး၊ တာဝန်အပါအဝင် ဖမ်းဆီးရမိသည့်နေရာနှင့် မည့်သည့်ဒေသမှ စစ်သားများဖြစ်သည်ကိုမသိရကြောင်းလည်း ကျေးရွာသားများကပြောသည်။

စစ်သုံ့ပန်း ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင် ၁၀ ကျော်ခန့်ကလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ (၅၅၀)တပ်ရင်းမှ တာဝန်ရှိသူများက လာရောက်လက်ခံခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က DMG သို့ အတည်ပြုပြောဆိုသည်။

“မနေ့က ညနေ့ ၃ နာရီခန့်က စစ်သား ၃ သုံးဦးကို ဆင်အင်းကြီးကျေးရွာအနီးမှာ လွှတ်ပေးခဲ့တာမှန်ပါတယ်။ ဘာဖြစ်လိုလွှတ်ပေးလည်းဆိုတာတော့ မသိဘူး။ ရက္ခိုင့်တပ်တော်ဖက်က အင်အား ၁၀ ကျော်ခန့်က လက်နက်အပြည့်အစုံနဲ့လာပို့သွားတာပါ။ တပ်ရင်း ၅၅၀ ထံကို လွှဲပြောင်းပေးခဲ့တယ်”ဟု ၎င်းကဆိုသည်။

ထိုသို့စစ်သုံ့ပန်းများကိုလွှတ်ပေးရခြင်းမှာ ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်သော ရက္ခိုင့်တပ်တော်(AA)၏(၁၃)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့်နှင့် စစ်ရေးတည်ငြိမ်နေမှု၊ နှစ်ဦးနှစ်ဘက်နားလည်မှုဖြင့် အပစ်ခတ်ရပ်စဲနိုင်ခြင်းကို အလေးထားသည့်အနေဖြင့် လွှတ်ပေးခြင်းဖြစ်နိုင်ကြောင်း ဦးခင်မောင်လတ်ကသုံးသပ်သည်။

စစ်သုံ့ပန်းများလွှတ်ပေးသည့်ကိစ္စနှင့်ပတ်သက်ပြီး AA နှင့် မြန်မာစစ်တပ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူတို့ထံ DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာနှင့် တောင်ပေါက်ကျေးရွာကြားတွင် တိုက်ပွဲအတွင်းဖမ်းဆီးရမိထားသည့် တပ်မတော်သား စစ်သုံ့ပန်း ၁၅ ဦးကို AA က ပြန်လွှတ်ပေးခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်တွင်စစ်ရေးတည်ငြိမ်နေပြီး နားလည်မှုဖြင့်အပစ်အခတ်ရပ်စဲကာလကို အကြောင်းပြုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် စစ်ကောင်စီဘက်က AA နှင့်ဆက်စပ်သံသယဖြင့် တရားရင်ဆိုင်နေသူ ၄၆ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ