တပ်မတော်ကပြန်လွှတ်ပေးလိုက်သည့် အမ်းဒေသခံနှစ်ဦး ဆေးကုသမှုခံယူရန်လိုအပ်နေ

တပ်မတော်စစ်ကြောင်းထံ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အမ်းမြို့နယ်၊ စနဲကျေးရွာဒေသခံနှစ်ဦး ပြန်လည် လွတ်မြောက်လာသော်လည်း ကျေးရွာအတွင်း တပ်မတော်သားများရှိနေခြင်းကြောင့် ၎င်းတို့မှာ ရိုက်နှက်ခံထား ရသည့်ဒဏ်ရာများကို ဆေးကုသရန်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 15 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၁၅ ၊ စစ်တွေ

တပ်မတော်စစ်ကြောင်းထံ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အမ်းမြို့နယ်၊ စနဲကျေးရွာဒေသခံနှစ်ဦး ပြန်လည် လွတ်မြောက်လာသော်လည်း ကျေးရွာအတွင်း တပ်မတော်သားများရှိနေခြင်းကြောင့် ၎င်းတို့မှာ ရိုက်နှက်ခံထား ရသည့်ဒဏ်ရာများကို ဆေးကုသရန်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်စစ်ကြောင်းတစ်ခုသည် အောက်တိုဘာလ (၁၀)ရက်နေ့က ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ရွာပြင်၌နွားကျောင်းနေသူတစ်ဦးအပါအဝင် ရွာသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး (၁၁)ရက်နေ့တွင် လည်း ကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာကာ ရွာသား(၆)ဦးကို နေအိမ်မှခေါ်ထုတ်ကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ၎င်းတို့ဖမ်းဆီးသွားသူထဲမှ ကိုမောင်ထွန်းရွှေနှင့် ဦးမောင်ကဲတို့ နှစ်ဦးအား ကျေးရွာအတွင်းသို့၎င်းတို့ကိုယ်တိုင် လာရောက်ပို့ဆောင်ခဲ့သော်လည်း ပြန်လည်လွတ်မြောက် လာသူများမှာ ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူရန်လိုအပ် နေသည်ဟု အမ်းဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးလွင်က DMG သို့ပြောသည်။

“သူတို့နှစ်ယောက်ထဲက တစ်ယောက်က ပါးစပ်ကသွေးအန်တယ်။ နားရွက်က သွေးတွေထွက်တယ်။ နောက် တစ်ယောက်တော့ သေနတ်ပေါင်နဲ့ ထုနှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် အသက်ရှူမဝဖြစ်နေတယ်။ ဆေးရုံကိုရောက်နေပြီလို့ သတင်းကြားလို့ သွားကြည့်ကြပေမယ့် လူနာတွေက ရောက်မလာဘူး။ သူတို့ နှစ်ယောက်က အခုချိန်ထိ ရွာထဲမှာပဲရှိသေးတယ်။ ဆေးကုသခွင့် မရကြသေးဘူး” ဟု ၎င်းကပြောသည်။

ထို့ပြင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသူများထဲမှ မောင်မြင့်စိုးနိုင်ဆိုသူမှာ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုရန်ခက်နေကြောင်း စနဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီကြေးက ပြောသည်။

“သူကတော့ သေသွားပြီဆိုပြီး တစ်ရွာလုံးသတင်းပျံ့နေတယ်။ အဖမ်းခံရပြီးနောက် သတင်းအစအန ပျောက်သွားတာဆိုတော့ မိသားစုဝင်တွေကလည်း သေသွားပြီလို့ ယူဆနေကြတယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ်တိုင်လည်း မြင်သေးတာမဟုတ်ဘူးဆိုတော့ အတည်ပြုလို့မရသေးဘူး။ ကောလဟာလလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့စုံစမ်းနေပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် တပ်မတော်သားများသည် ကျေးရွာအတွင်း၌သာ တပ်စွဲနေထိုင်လျက်ရှိပြီး ရွာသားများအား ဖုန်းဆက်သွယ်မှုကို ဖြတ်တောက်ထားသလို ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကိုလည်း ခြိမ်းခြောက် ပြောဆိုသောကြောင့် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာရကြောင်း ဖမ်းဆီးခံထားရဆဲဖြစ်သူ တစ်ဦး၏ ဇနီးကပြောသည်။

“သူတို့(တပ်မတော်)က ဘယ်ကိုမှ သွားလို့မရအောင်ဆိုပြီး အိမ်နားမှာလာပြီး ကင်းစောင့်တယ်။ မိသားစုဝင် တွေကိုသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အိပ်ရာခေါင်းရင်းအောက်တွေမှာလည်း လက်ပစ်ဗုံးတွေကို ဒီတိုင်းအလွတ်ချထားတယ်။ ကျမတို့ကို ထမင်းမပေး၊ဟင်းမပေးပဲထားတယ်။ အမျိုးမျိုးနှိပ်စက် ခြိမ်းခြောက်တယ်။ အပြင်လူတွေနဲ့ ဖုန်းလည်းအဆက်အသွယ်မလုပ်ရဘူး။ ဒီနေ့ရွာကသာ ထွက်မပြေးမလာနိုင်ရင် ကျမသမီးနှစ်ယောက်အတွက်လည်း ရင်လေးစရာပဲ’’ ဟု ၎င်းကဆိုသည်။

ယင်းပြင် တပ်မတော်က ဖမ်းဆီးသွားသည့် ၎င်း၏အမျိုးသားဖြစ်သူမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိဘဲ ကျန်းမာရေးချူချာသောကြောင့် သွားလာမရ၍ နေအိမ်၌ထိုင်နေစဉ် ဖမ်းဆီး ခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စနဲကျေးရွာဖက်တွင် ယခင်က တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိခဲ့ဖူးသည့်အပြင် တပ်မတော်သားများ၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံရခြင်းမှာလည်း ပထမဆုံးအကြိမ်သာဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် အဆိုပါကျေးရွာမှ ဒေသခံအချို့မှာ တပ်မတော်က ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်နေ့ကပင် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြပြီး ကျေးရွာအတွင်း ကျန်ရှိခဲ့သူအချို့မှာလည်း တပ်မတော်သားများ ဝင်ရောက်နေထိုင်နေ၍ စိုးရိမ်ထိတ်လန့်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့အား DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ