ဖမ်းဆီးခံရသည့် ပလက်ဝဒေသခံနှစ်ဦး ပြန်လွှတ်လာ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ပလုပ်တောင်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံနှစ်ဦးမှာ တစ်ရက်ကြာ ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီးနောက် အောက်တိုဘာ ၁၉ ရက်ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုထံမှ သိရသည်။

By မျိုးသီရိကျော် 20 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၂၀ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ပလုပ်တောင်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံနှစ်ဦးမှာ တစ်ရက်ကြာ ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီးနောက် အောက်တိုဘာ ၁၉ ရက်ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုထံမှ သိရသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေတင်းခွန်ကျေးရွာမှ ပလက်ဝသို့ ကုန်ပစ္စည်းများ သယ်လာသည့် ဦးကျော်မင်းအောင်(၃၂)နှင့် ဦးဌေးလွင်(၃၃)နှစ်တို့နှစ်ဦးကို တပ်မတော်သားများက ဖမ်းဆီးခဲ့သည်။

ဦးကျော်မင်းအောင်၏ဇနီး ဒေါ်မြရီသန်းက “ရပ်ကွက်က လူကြီးနှစ်ယောက်ရဲ့အာမခံနဲ့ ရဲစခန်းကပြန်လည် လွတ်လာတာပါ။ ဘာမှမဖြစ်ဘဲ ပြန်လွတ်လာတော့ ဝမ်းသာတယ်။ ဒါပေမဲ့ တပ်ကသိမ်းထားလိုက်တဲ့ သိန်း ၃၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းကတော့ ပြန်မရတော့ပါဘူး” ဟု ဒေါ်မြရီသန်းကပြောသည်။

၎င်းတို့သယ်ယူလာသည့် အရက်ဆီများမှာ ဖမ်းဆီးခံရစဉ် သိမ်းဆည်းခံခဲ့ရပြီး တန်ဖိုးအားဖြင့် သိန်း ၃၀ ကျော် တန်ဖိုးရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ပလက်ဝမြို့နယ်တွင် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေကြပြီး ကုန်ပစ္စည်း အငှားထမ်းရန် သွားရောက်သူများမှာလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ ခံနေရကြောင်း ဒေသခံများက ဆိုသည်။

ဗီဒီယိုများ