ဖမ်းဆီးခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များ အမြန်ဆုံးပြန်လွတ်ရေးအတွက် ဆောင်ရွက်သွားမည်ဟု PPSTပြော

စစ်တပ်ကအာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုအား အမြန်ဆုံးဆွေးနွေးအဖြေရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

08 Sep 2021

DMG ၊ စက်တင်ဘာ ၉

စစ်တပ်ကအာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုအား အမြန်ဆုံးဆွေးနွေးအဖြေရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၃ ရက်ကြာကျင်းပခဲ့သည့် PPST အစည်းအဝေးအပြီးတွင် PPST ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ခေါင်းဆောင်ကိုယ်စား RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အနာဂတ် နိုင်ငံရေးအခင်းအကျင်း၊ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးနဲ့ပတ်သက်ပြီး PPST ရဲ့ ရပ်တည်ချက်ကို ပြည်သူလူထုအတွက် ရှင်းလင်းစွဲနဲ့သတင်းစကားပါးလိုက်ခြင်းပဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

PPST အနေဖြင့် NCA အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး၊ အရပ်သားများအား အကာအကွယ်ပေးရေးတို့ကိုအခြေခံပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် နိုင်ငံရေးရည်မှန်းချက် (၇)ရပ်ကိုချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူများအားလုံးပါဝင်ပြီး နိုင်ငံတကာ၏ကူညီပံ့ပိုးများနှင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသွားရန်၊ တိုင်းပြည်၏အာဏာကို အရပ်သားကိုယ်စားလှယ်များအုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာပြန်လွှဲပေးရေးကို ဝိုင်းဝန်းအဖြေရှာကြရန် စသည့်အချက်များအပါအဝင် အချက်(၇)ချက်ကို PPST မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု ၇ လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူလူထုက၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး တစ်ဖက်မှာလည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာလ ၇ ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာထားသည်။

NUG က ယင်းသို့ကြေညာလိုက်ခြင်းသည် နိုင်ငံရေးကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်းရှုမြင်သည်ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“အရေးပေါ်ကြေညာတာတဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ထူးခြားတဲ့အခြေအနေမှာ နိုင်ငံရေးတောင်းဆိုချက်အရ NUG ရဲ့ နိုင်ငံရေးကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်းကို မိမိတို့ PPST အနေနဲ့ ရှုမြင်ကြောင်း အသိပေးပြောကြားလိုက်ပါတယ်”ဟု ၎င်းကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀)ခုပါဝင်သည့် NCA–SEAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကို ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကိုရပ်ဆိုင်ထားမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ