လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ရသေ့တောင်မြို့နယ်ရှိ မွတ်ဆလင်ရွာလုံးကျွတ်ထွက်ပြေး

ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်မွတ်ဆလင် ကျေးရွာအနီးတွင် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ရွာအတွင်းသို့ လက်နက်ကြီးများကျရောက်မည်ကို စိုးရိမ်သဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

11 Oct 2019

နေရောင်မင်း | DMG
အောက်တိုဘာ ၁၁၊ စစ်တွေ

ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်မွတ်ဆလင် ကျေးရွာအနီးတွင် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ရွာအတွင်းသို့ လက်နက်ကြီးများကျရောက်မည်ကို စိုးရိမ်သဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

လူပေါင်း (၃၀၀၀)ကျော်နေထိုင်သည့် ဆင်ခုန်းတိုင်မွတ်ဆလင်ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၀ ရက်နေ့ကပင် ယနေ့အထိ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်နေခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

“လက်နက်ကြီး ကျရောက်မှာကို ကြောက်လို့ပြေးကြတာပါ။ ရွာကလူတွေအားလုံး လူကြီး လူငယ် အားလုံး ထမင်းမစား၊ ဟင်းမစားဘဲပြေးရပါတယ်။ ဝက်မကျကျေးရွာကနေ တပ်မတော်က ပစ်တာပါ။ မနေ့က လေးနာရီ လောက်ကနေ ပစ်တာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ဒေသခံများသည် ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာများသို့ ထွက်ပြေးသွားကြရသည်ဟု ဒေသခံများထံက သိရသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အိမ်(၇)ဆောင် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဆင်ခုန်းတိုင်ကျေးရွာအနီးတွင် ယင်းသို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းမရှိကြောင်း၊ မကြာသေးမီ ရက်ပိုင်းအတွင်းတွင် AA က ယင်းရွာထဲသို့ ဝင်ရောက်၍ ရွှေနှင့်ပိုက်ဆံများယူသွားကြောင်း၊ နေအိမ်များကို ဖျက်ဆီးသွားကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စွပ်စွဲသည်။

တပ်မတော်က ရွာအနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုမရှိဟု ပြောဆိုသော်လည်း ယင်းရွာအနီးတွင် နယ်မြေရှင်းလင်းရေးပြုလုပ်နေကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆက်လက်ပြောသည်။

“အဲဒီနားမှာ တိုက်ပွဲဖြစ်ဦးမယ်။ မနက်ဖန်တိုက်ပွဲဖြစ်ဦးမယ်။ ကျနော်ထပ်ပြောလိုက်ဦးမယ်” ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ (၆)ရက်နေ့က အရပ်ဝတ် ဝတ်ဆင်ထားသော ရခိုင်စကားပြော လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား (၇)ဦးသည် ဆင်ခုန်းတိုင်(မွတ်ဆလင်)ကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ဝင်ရောက်ကာ ရွှေငွေ၊ ငွေသားများကိုယူဆောင်သွားကြောင်း၊ နွား (၂) ကောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် စေတီပြင်နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်၏ ပြောဆိုချက်သည် စွပ်စွဲချက်တစ်ခုသာဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တုန့်ပြန်သည်။

“အဲဒါကတော့ ဗမာစစ်တပ်ဘက်ကနေပြီးတော့ သက်သက်အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်။ နောက်ပြီးတော့ သူတို့မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်ကိုလည်း ကျနော်တို့သိတယ်။ အဲဒီထုတ်ပြန်ချက်မှာလည်း ရခိုင်စကားပြော လက်နက်ကိုင် (၇)ယောက်ဆိုပြီး ရေးသားထားတယ်။ ရခိုင်စကားပြောလို့ ရှေ့ကထည့်ပြီးရေးထားကတည်းက လုပ်ကြံပြီးရေးတာ လို့ပြောလို့ရတယ်” ဟု ၎င်းကဆိုသည်။

AA အနေဖြင့် မွတ်ဆလင်ကျေးရွာအနီးတွင် လှုပ်ရှားနေသည်မှာ နှစ်နှင့်ချီပြီရှိနေပြီဖြစ်သော်လည်း တစ်စုံတစ်ရာပြဿနာမရှိခဲ့ကြောင်း၊ မြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များလာသည့်အခါ ရခိုင်နှင့် မွတ်ဆလင်များအကြား ပြဿနာဖြစ်ပေါ်လာအောင် နည်းလမ်းသုံးခြင်းဖြစ်သည်ဟု ခိုင်သုခက ဆက်လက်ပြောသည်။

ဗီဒီယိုများ