အခြေခံပညာစာသင်ကျောင်းများ နိုဝင်ဘာလ ၁ ရက်နေ့ ပြန်ဖွင့်မည်

ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာစာသင်ကျောင်းများကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

29 Oct 2021

DMG ၊ အောက်တိုဘာ ၂၉

ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာစာသင်ကျောင်းများကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မြို့နယ်များအနက် ၄၆ မြို့နယ်မှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ရှိနေသဖြင့် ယင်းမြို့နယ်ရှိ စာသင်ကျောင်းများကို လတ်တလောတွင် ဖွင့်လှစ်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမြို့နယ်များမှာ ရှမ်းပြည်နယ်မှ ၂၆ မြို့နယ်၊ ကချင်ပြည်နယ်မှ ၆ မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ ၄ မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့၊ ချင်းပြည်နယ်မှ ၂ မြို့နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ၁ မြို့နယ်တို့ဖြစ်သည်။

“အခု စာသင်ကျောင်းတွေကို ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်ဖွင့်မှာပါ။ ကာကွယ်ဆေးထိုးပြီးဆိုလည်း ကိုဗစ်စည်းကမ်းနဲ့အညီနေထိုင်ဖို့ ကျန်းမာရေးဌာနကညွှန်ကြားထားပါတယ်"ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။

အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များထဲမှ ဂွမြို့နယ်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူများ ကျန်ရှိနေသေးသဖြင့် ကျောင်းပြန်လည်ဖွင့်လှစ်ခွင့် ယာယီပိတ်ထားသည့်စာရင်းတွေ ပါဝင်ခဲ့သည်။

ဂွမြို့နယ်မှ ကိုဗစ်ရောဂါပိုးကူးစက်ခံရမှု အခြေအနေကိုသိရှိနိုင်ရန် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းမှာခရီးသွားလာနေသောကြောင့် မဖြေကြားနိုင်သေးကြောင်း ပြောသည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဆိုသော်လည်း စာသင်ကြားချိန်မှာ လေးလခန့်သာကျန်ရှိသဖြင့် စာသင်ချိန်ကိုထပ်မံတိုးမြှင့်ပေးသင့်ကြောင်း ပညာရေးအသိုင်းအဝန်းမှ ပြောဆိုသည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့်ပညာသင်ကြားနိုင်ရေးအတွက် ရခိုင်ပြည်နယ်တွင် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများကို အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ငါးရာခိုင်နှုန်းအောက် လျော့နည်းလာနေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက DMG ကို ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ပြီး အခြေခံစာသင်ကျောင်းများကို ယာယီပိတ်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုများကြောင့် စာသင်ကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရသည်။

ဗီဒီယိုများ