ဂွမြို့နယ်အတွင်းမှ စာသင်ကျောင်းများ ယနေ့ပြန်ဖွင့်ခွင့်ရ

ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းမှ အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရရှိ၍ ယနေ့(နိုဝင်ဘာလ ၃၀ ရက်)တွင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

30 Nov 2021

DMG ၊ နိုဝင်ဘာ ၃၀

ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းမှ အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရရှိ၍ ယနေ့(နိုဝင်ဘာလ ၃၀ ရက်)တွင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

“စာသင်ကျောင်းတွေအကုန်းလုံး ဒီနေ့စတင်ပြီးဖွင့်ပါပြီ။ ခရိုင်ပညာရေးမှူးက ဒီနေ့ကျောင်းဖွင့်လို့ရပြီဆိုပြီးညွှန်ကြားလာလို့ ဖွင့်တာဖြစ်တယ်”ဟု ဂွမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းနိုင်ကပြောသည်။

ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရသည့် မြန်မာနိုင်ငံတစ်ဝန်းမှ အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ခဲ့ပြုခဲ့သော်လည်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုရှိနေသည့် ဂွမြို့နယ်အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၄၆ မြို့နယ်မှ အခြေခံပညာစာသင်ကျောင်းများကို ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။

အခြားမြို့နယ်များမှကျောင်းများဖွင့်လှစ်ပြီး တစ်လခန့်ကြာပြီးနောက် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ စာသင်ကျောင်းများကို ယခုပြန်လည်ဖွင့်လှစ်ခွင့်ရရှိလာခြင်းဖြစ်သည်။

ဂွမြို့နယ်အတွင်းတွင် စာသင်ကျောင်းစုစုပေါင်း (၁၄၀)ကျောင်းရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား/သူဦးရေ (၁၀၇၄)ဦးရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာသင်ကြားချိန်နောက်ကျနေပြီဖြစ်သည့်အတွက် ကျောင်းသားများအနေဖြင့် သင်ခန်းစာများလိုက်မမီမည်ကိုစိုးရိမ်မိကြောင်း ဂွမြို့နယ်မှ ကျောင်းသားမိဘ ဦးချမ်းမြေ့စိုးကပြောသည်။

“စိုးရိမ်မှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုကိုယ့်မြို့နယ်မှာ တစ်လနောက်ကျနေပြီဆိုတော့ ပညာရေးဌာနကပေးထားတဲ့ သင်ရိုးကိုသင်ကြားဖို့ မလုံလောက်မှာစိုးရိမ်ပါတယ်”ဟု ၎င်းကပြောသည်။

အခြေခံပညာအတန်းများနှင့် တက္ကသိုလ်ဝင်တန်းများကို မတ်လနှင့် ဧပြီလတွင် စာမေးပွဲဖြေဆိုရမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

ယခုပညာသင်နှစ်တွင် ယခင်နှစ်များထက် စာသင်ချိန်နည်းခဲ့၍ ကျောင်းသားများအနေဖြင့် သင်ခန်းစာကြေညက်မည်မဟုတ်ကြောင်း သံတွဲမြို့နယ်မှ အမည်မဖော်လိုသည့် အလယ်တန်းပြဆရာမတစ်ဦးကပြောသည်။

"ဒီစာမေးပွဲစစ်မယ့်ကိစ္စက တက္ကသိုလ်ဝင်တန်းကျောင်းသားတွေအတွက် ကျောင်းပိတ်ထားတဲ့ကိုဗစ်ကာလမှာ စာကိုလေ့လာနေတဲ့သူတွေအတွက်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ မလေ့လာထားတဲ့သူတွေအတွက်ဆိုရင်တော့ အချိန်ကမလုံလောက်ဘူး။ အတန်းငယ်လေးတွေအတွက်ကျတော့ နှစ်တိုင်းလို သင်ခန်းစာတွေက ကြေညက်မယ်မထင်ဘူး။ ဒီအတိုင်းသင်နေရတာပေ့ါ"ဟု ၎င်းကဆိုသည်။

စာသင်ကျောင်းများကို ၂၀၂၁ ခုနှစ် ဇွန်လက ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းကူးစက်မှုကြောင့် ဇူလိုင်လဆန်းပိုင်းတွင် ပြန်လည်ပိတ်ခဲ့ရသည်။ လက်ရှိကိုဗစ်ကူးစက်မှု လျော့နည်းလာ၍ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ကိုဗစ်ရောဂါကူးစက်မှုကြောင့် တစ်နိုင်ငံလုံးရှိစာသင်ကျောင်းများကို တစ်နှစ်ပတ်လုံးပိတ်ခဲ့ရသည်။

ဗီဒီယိုများ