စာသင်ကြားချိန် လေးလသာကျန်ရှိ၊ ကျောင်းပြန်ဖွင့်ချိန်တွင် စာသင်ချိန် တိုးမြှင့်ပေးရန်လိုအပ်ဟုဆို

ကိုဗစ်ရောဂါကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက စာသင်ကြားချိန် လေးလခန့်သာကျန်ရှိသဖြင့် စာသင်ချိန်ကို တိုးမြှင့်ပေးရန်လိုအပ်မည်ဟု ပညာရေးအသိုင်းမှ ပြောဆိုကြသည်။

26 Oct 2021

DMG ၊ အောက်တိုဘာ ၂၆

ကိုဗစ်ရောဂါကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက စာသင်ကြားချိန် လေးလခန့်သာကျန်ရှိသဖြင့် စာသင်ချိန်ကို တိုးမြှင့်ပေးရန်လိုအပ်မည်ဟု ပညာရေးအသိုင်းမှ ပြောဆိုကြသည်။

ကိုဗစ်တတိယလှိုင်းကူးစက်ရောဂါကြောင့် အခြေခံပညာစာသင်ကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့မှစတင်ပြီး ယာယီပိတ်ထားခဲ့ရသည်။

လက်ရှိအချိန်ထိ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပဲ အကယ်၍ နိုဝင်ဘာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက စာသင်ကြားချိန်မှာ လေးလခန့်သာအချိန်ကျန်ရှိတော့မည်ဖြစ်၍ စာသင်ကြားချိန် ပိုမိုလိုအပ်နေကြောင်း အထက်တန်းပြ ကျောင်းဆရာတစ်ဦးကဆိုသည်။

“စာသင်ကျောင်းတွေ နိုဝင်ဘာလပြန်ဖွင့်ဖြစ်မယ်ဆိုရင် မတ်လအထိ သင်ကြားချိန်လေးလလောက်ရမယ်။ ဧပြီလအထိ ဆွဲဆန့်မယ်ဆိုရင် စာသင်ကြားချိန်ပိုရတာပေါ့နော်။ အခုအခြေအနေက နဂိုရှိပြီးသား သင်ရိုးသင်ခန်းစာတွေကို မလျော့ပဲ ပုံမှန်အတိုင်း သင်ကြားမယ်ဆို စာသင်ကြားချိန်ကာလ ဘယ်လိုမှမလုံလောက်နိုင်ဘူး။ အခက်အခဲတွေအများကြီးရှိတယ်”ဟု ၎င်းကရှင်းပြသည်။

ယင်းအပြင် ကျောင်းပိတ်ရက်ရှည်ခဲ့သောကြောင့် ကျောင်းသားအများစုမှာ ကျောင်းစာနှင့်ဝေးကွာခဲ့ရကြောင်း၊ စာသင်ကြားမှုအပေါ် ကျောင်းသား/ကျောင်းသူများကို ပြန်လည်စိတ်ဝင်စားမှု ရှိလာစေရန် ကျောင်းပြန်ဖွင့်ပါက တစ်လ သို့မဟုတ် တစ်လခွဲခန့် အချိန်ယူရနိုင်ကြောင်း ပညာရေးဝန်ထမ်းများက သုံးသပ်ယူဆထားကြသည်။

ပညာရေးဌာနအနေဖြင့် မည်သည့်ပုံစံညွှန်တမ်းချလာမည်ကို မသိရသေးကြောင်း၊ စာသင်ချိန် လေးလလောက်သာ ကျန်ရှိနေသည့်အတွက် လေးလလောက်ဖြင့်သင်ယူနိုင်မည့် သင်ရိုးညွန်တမ်းဖြစ်ရန် လိုအပ်ကြောင်း၊ ယင်းသို့ မဟုတ်ပါက စာသင်ကြားမှု အဆင်ပြေနိုင်မည်မဟုတ်ကြောင်း ကျောင်းအုပ်ဆရာတစ်ဦးက ပြောကြားသည်။

ပညာရေးဌာနအနေဖြင့် ၂၀၂၀-၂၁ ခုနှစ် ပညာသင်နှစ်အတွက် သင်ကြားရန် လေးလတာအချိန်နှင့်ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းကိုပြင်ဆင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“အဲဒီကိစ္စကို အထက်ကပြင်ဆင်နေတာ။ စာသင်ကြားချိန် ကျန်တဲ့လနဲ့ သင်ခန်းစာတွေကိုက်ညီတဲ့သင်ရိုးပေါ့နော်၊ အဲဒါတွေကို ပြင်ဆင်နေတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက ပြောကြားသည်။

ယင်းအပြင် စာသင်ကျောင်းများကိုလည်း နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကျောင်းတွေ မကြာမီအချိန်အတွင်းမှာ ဖွင့်ဖြစ်မယ်။ နိုဝင်ဘာလမှာ ကျောင်းပြန်ဖွင့်နိုင်မလားပေါ့။ စာသင်ကျောင်းတွေကို သန့်ရှင်းရေးလုပ်ဖို့ အရင်ကတည်းကညွှန်ကြားထားတယ်”ဟု ဒေါက်တာ ထွန်းထွန်းသိန်းကဆိုသည်။

ကျောင်းပိတ်ရက်တာရှည်ခဲ့သဖြင့် ကျောင်းသားများ ကျောင်းစာကို မေ့သွားသည့်အနေအထားကြောင့် စာသင်ကြားရာတွင် စိတ်ဝင်စားမှု လျော့နည်းမည်ကိုစိုးရိမ်မိကြောင်း ပေါက်တောမြို့က ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်သည့် မောင်ထွန်းမြင့်နိုင်က ဆိုသည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ စိတ်ချလုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက်ရှိကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးများထိုးပေးခြင်းအစီအစဉ်ကို အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ခဲ့သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးမှု ၇၁ ရာခိုင်နှုန်းအထိပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဗီဒီယိုများ