ရသေ့တောင်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားတစ်ဦးဒဏ်ရာရ

ဖြစ်စဉ်မှာ ဒုံးပိုက်ကျေးရွာအနီး ဆိုင်တစ်ဆိုင်တွင် နယ်ခြားစောင့်ရဲယူနီဖောင်းဝတ်ဆင်ထားသူ ၃ ဦး အရက်သောက်နေစဉ် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

By ဝင်းညွှန့် 03 May 2020

ဝင်းညွန့် | DMG
မေ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေရွာအနီးတွင် မေလ ၂ ရက် နေ့လည် ၂ နာရီကျော်အချိန်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒုံးပိုက်ကျေးရွာအနီး ဆိုင်တစ်ဆိုင်တွင် နယ်ခြားစောင့်ရဲယူနီဖောင်းဝတ်ဆင်ထားသူ ၃ ဦး အရက်သောက်နေစဉ် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“အဲဒီနေ့က အဲဒီအရက်ဆိုင်မှာ ရဲသားတွေ အရက်လာသောက်ကြတယ်။ အရက်လာသောက်တော့ AA က လာပစ်တယ်လို့ပြောတယ်။ ဖြစ်တာကတော့ မိနစ် ၂၀ နီးပါးဖြစ်ခဲ့တယ်” ဟု ဒုံးပိုက်ကျေးရွာမှ ဒေါ်ခင်စောရီက ပြောသည်။

၎င်းဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဆိုင်လည်း ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။

“အဲဒီရွာအနီးကဆိုင်မှာ ရဲသား ၃ ဦးက နယ်ခြားစောင့်ရဲဝတ်စုံနဲ့ အရက်လာသောက်တယ်။ အရက်လာသောက်တော့ AA ကနေလာပစ်တယ်။ အဲဒီမှာပစ်ခတ်မှုဖြစ်တာ။ အဲဒီမှာ အရက်မသောက်ရအမိန့် ထုတ်ထားတယ်။ ရဲသားတစ်ယောက် အနည်းငယ်ဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။

ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာသည် ဒုံးပိုက်ကျေးရွာနှင့် နယ်ခြားစောင့်ရဲစခန်းအကြားတွင်ဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ကျည်များကျရောက်သဖြင့် ရွာသားများမှာ တိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။

ထိုသို့ ရွာသားများထွက်ပြေးသည့်အချိန်တွင် ဒုံးပိုက်ကျေးရွာမှ ဦးမြင့်စိုး ၅၂ နှစ်အား နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းနှင့်ဆွေမျိုးတော်စပ်သည့် ဒေါ်ခင်စောရီက ပြောသည်။

“ပစ်ခတ်မှုဖြစ်တော့ ရွာထဲကို ကျည်တွေကျတယ်။ အဲဒီမှာ လူ တွေကကြောက်လို့ ထွက်ပြေးကြတယ်။ ထွက်ပြေးကြတော့ သူ(ဦးမြင့်စိုး)က အိမ်မှာကျန်ခဲ့တဲ့ ငွေတွေကိုယူဖို့သွားတာ။ အဲဒီမှာ ရဲသားတွေဖမ်းသွားတာ” ဟု ဒေါ်ခင်စောရီက ပြောသည်။

ဖမ်းဆီးခံရသူ ဦးမြင့်စိုးမှာ ကျေးရွာအတွင်း လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့်တွေ့ခွင့်မရသေးကြောင်း ဒေါ်ခင်စောရီက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းသို့ DMG က ဆက်သွယ်ရန် ကြိုးပမ်းလျက်ရှိသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေငြာထားပြီးနောက်တွင် AA နှင့်ဆက်သွယ်မေးမြန်းသည့် သတင်းမီဒီယာများကို အရေးယူမှုရှိနေသောကြောင့် ယခုကိစ္စနှင့်ပတ်သက်ပြီး DMG အနေဖြင့် AA ဘက်ကို ဆက်သွယ်မေးမြန်းရန် ဥပဒေကြောင်းအရ အခက်အခဲရှိသည်။

ဗီဒီယိုများ