ရမ်းဗြဲမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံနှင့် စစ်ပြားကျေးရွာအုပ်ချုပ်ရေးမှူးတို့ အပြန်အလှန်အမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်နှင့် စစ်ပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်တို့မှာ ရမ်းဗြဲမြို့မရဲစခန်းတွင် တစ်ဦးနှင့်တစ်ဦး အပြန် အလှန် အမှုဖွင့်လှစ်ထားကြကြောင်း ကာယကံရှင်များထံမှသိရသည်။

By အောင်ကောင်းဇော် 03 Sep 2020

အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၃ ၊ ရမ်းဗြဲ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်နှင့် စစ်ပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်တို့မှာ ရမ်းဗြဲမြို့မရဲစခန်းတွင် တစ်ဦးနှင့်တစ်ဦး အပြန် အလှန် အမှုဖွင့်လှစ်ထားကြကြောင်း ကာယကံရှင်များထံမှသိရသည်။

NLD ပါတီမူဝါဒအရ စစ်ပြားကျေးရွာတွင် မှတ်ပုံတင်အခမဲ့လုပ်ဆောင်ပေးမည့်အစီအစဉ်အား သွားရောက် နှိုးဆော်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စကားများကြရာမှ အုတ်ခဲအပါအဝင် အခြား ပစ္စည်းများဖြင့် ပစ်ပေါက်ခံရသည်ဟု ဦးသန်းဇော်က ဆိုသည်။

“ကျနော်တို့က အခုလာမည့်ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် ပါတီမူဝါဒအရ မှတ်ပုံတင် အခမဲ့လုပ်ပေးတဲ့အစီအစဉ်ရှိတယ်။ အဲဒါကို သူ့ကို(ကျေးရွာအုပ်ချုပ်ရေးမှူး) ကြိုပြီးအကြောင်းသွားကြားတော့ သူကအိမ်မှာမရှိဘူး။ ဆိုတော့ နောက်နေ့မှပြောတော့မယ်ဆိုပြီး ကျနော်တို့ကမှတ်ပုံတင်လုပ်ဖို့ ကိစ္စကို နှိုးဆော်တယ်။ အဲဒီတော့ သူ့ကိုမပြောဘူးဆိုပြီး တားမြစ်တာပေါ့” ဟု ဦးသန်းဇော်ကပြောသည်။

ဆက်လက်ပြီး ဦးသန်းဇော်က “ဒီတားမြစ်တဲ့ကိစ္စကို သူနဲ့တိုင်ပင်ဖို့သွားချိန်မှာ သူတို့ကအရက်သောက်နေတယ်။ အဲဒါနဲ့ ကျနော့်ကိုမြင်တာနဲ့ မင်းငါ့ကိုဘာလို့မပြောဘဲလုပ်ရလဲဆိုပြီး သောက်နေတဲ့အရက်ခွက်တွေနဲ့ ပစ်ပေါက်တယ်။ တခြားအုတ်ခဲကျိုးတွေနဲ့လည်းထုတယ်၊ ကျနော့်ဦးခေါင်း၊ မျက်နှာနဲ့ လက်တွေမှာ ပေါက်ပြဲ ဒဏ်ရာရသွားပြီး ရမ်းဗြဲမြို့ဆေးရုံသွားပြီးတော့ ဆေးကုသမှုခံလိုက်ရတယ်။ သူတို့လာပြီး ဖြေရှင်းမလား ဆိုပြီးတော့ ပထမတော့ရဲစခန်းမှာ တိုင်ချက်ဘဲဖွင့်ထားတယ်။ အဲဒါသူတို့က မဖြေရှင်းတဲ့အပြင် ကျနော့်ကို အမှု ဖွင့်လာတော့ ကျနော့်လည်းပြန်ပြီးအမှုဖွင့်ထားတယ်” ဟု ဆိုသည်။

ယင်းကြောင့် ဦးသန်းဇော်မှ စစ်ပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ၎င်း၏အကိုဖြစ်သူ ဦးအောင်ကျော်မြင့် တို့အား တုံးသောလက်နက်ဖြင့်အပြင်းအထန်နာကျင်စေမှု၊ ဆဲဆိုမှု၊ ပူးပေါင်းကြံစဉ်မှုတို့ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၂၅၊ ၂၉၄၊ ၁၁၄ စသည့်ပုဒ်မ ၃ ခုနှင့်အမှုဖွင့်လှစ်ထားကြောင်း ဦးသန်းဇော်က ပြောသည်။

ယင်းသို့ အမှုဖွင့်ခံရသည့် စစ်ပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်မှလည်း အကျိုးစီးပွားဖျက်စီးမှု၊ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ ကျော်နင်းမှုတို့ဖြင့် ဦးသန်းဇော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၂၇၊ ၂၉၄၊ ၅၀၆ ၊ ၄၅၁ စသည့် ပုဒ်မ ၄ ခုနှင့် အမှုဖွင့်လှစ်ထားသည်ဟု ဆိုသည်။

“ကျနော်က COVID-19 ဥပဒေအရ လုစုလူဝေးမဖြစ်စေဖို့အတွက်ကို တားမြစ်တာဖြစ်တယ်။ အဲဒါကို သူက သူလုပ်တာကို ကန့်ကွက်ရမလားဆိုပြီး ကျနော့်မိသားစုကို ဒီနေ့ပွဲကြည့်ရပြီ ဘာညာဆိုပြီး လာခြိမ်းခြောက်တယ် ဆဲဆိုတယ် ကျနော့် ဆိုင်ပုဒ်ကို ကျောက်ခဲတွေနဲ့ပစ်ပေါက်တယ်” ဦးတင်မြင့်က ပြောသည်။

ဦးသန်းဇော်က သြဂုတ်လ ၃၁ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဦးတင်မြင့်မှာ စက်တင်ဘာ ၁ ရက် နေ့တွင် အပြန်အလှန် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့အမှုဖွင့်လှစ်ထားခြင်းမှာ မှန်ကန်ပြီး နှစ်ဦးနှစ်ဖက်ပြဿနာဖြစ်ပြီး အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ရမ်းဗြဲမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်က အတည်ပြုပြောကြားသည်။

ဗီဒီယိုများ