အင်တာနက်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့် ရမ်းဗြဲမြို့မှ လူငယ်တစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ

ပိတ်ထားသည့် အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း ယင်းလူငယ်ကွန်ရက်မှ သိရသည်။

By အောင်ကောင်းဇော် 22 Jun 2020

အောင်ကောင်းဇော် | DMG
ဇွန် ၂၂ ၊ ရမ်းဗြဲ

ပိတ်ထားသည့် အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း ယင်းလူငယ်ကွန်ရက်မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ပိတ်ထားသည်မှာ ယမန်နေ့ (ဇွန်လ ၂၁ ရက်)နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ပိတ်ထားသည့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန်တောင်းဆိုသည့် တူညီဝတ်စုံများကို ရမ်းဗြဲမြို့နယ်မှ လူငယ် ၇ ဦးက ဝတ်ဆင်ကာ ဓါတ်ပုံရိုက်ပြီး ယမန်နေ့က Facebook ပေါ်တင်ခဲ့ကြသည်။

ယင်းသို့ တောင်းဆိုရာတွင် ငြိမ်းစုစီမတင်ခဲ့ဟုဆိုကာ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုမျိုးမင်းထွန်း ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၉ နှင့် ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်ဝင်းက တရားလိုပြုလုပ်ကာ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် အမှုဖွင့်ခဲ့ကြောင်း ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ သိရသည်။

“ငြိမ်းစုစီမတင်ဘဲ လုပ်တယ်ဆိုပြီး အမှုဖွင့်ခံရတယ်။ အခုတော့ ကိုမျိုးမင်းထွန်းအပါအဝင် ကျနော်တို့ ရဲစခန်း ရောက်နေတယ်။ စစ်ဆေးခံနေရတယ်” ဟု ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးထွန်းနိုင်က ယနေ့နံနက်ပိုင်းတွင် ပြောသည်။

အင်တာနက်ဖြတ်တောက်ခံရသည့် ရခိုင်နှင့် ချင်းပြည်နယ်တို့မှ မြို့နယ်အချို့တွင် အင်တာနက်ပြန်ဖွင့်ပေးရန် အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်း ၁၄ ဖွဲ့မှလည်း အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆို ထားကြပြီး အင်တာနက်ပိတ်ထားခြင်းကြောင့် ရခိုင်နှင့် ချင်းပြည်နယ်မှ လူဦးရေတစ်သန်းခန့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှု ပြတ်တောက်နေရကြောင်းလည်း ဖော်ပြထားသည်။

ဗီဒီယိုများ