ရမ်းဗြဲမြို့နယ်ရှိ လက်လုပ်လက်စားမိသားစုများ အစိုးရထောက်ပံ့ငွေမရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း အစိုးရက ပေးအပ်သော COVID-19 ထောက်ပံငွေကို မြို့နယ်ရပ်ကွက်မှ အခြေခံလက်လုပ်လက်စား မိသားစုများ မရရှိကြောင်း ပြည်သူများထံမှ သိရှိရသည်။

By အောင်ကောင်းဇော် 06 Oct 2020

အောင်ကောင်းဇော် | DMG
အောက်တိုဘာ ၆ ၊ ရမ်းဗြဲ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း အစိုးရက ပေးအပ်သော COVID-19 ထောက်ပံငွေကို မြို့နယ်ရပ်ကွက်မှ အခြေခံလက်လုပ်လက်စား မိသားစုများ မရရှိကြောင်း ပြည်သူများထံမှ သိရှိရသည်။

ရမ်းဗြဲမြို့နယ်အတွင်း COVID-19 ထောက်ပံငွေပေးအပ်သည်မှာ ၄ ကြိမ်ရှိပြီးဖြစ်သော်လည်း လက်လုပ် လက်စားများအနေဖြင့် တကြိမ်မျှမရရှိဘဲ ချမ်းသာသောသူများသာ ရရှိနေကြောင်း အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မခင်ဝင်းက ပြောဆိုသည်။

“ကျမယောက်ျားက ဆိုက္ကားနင်းပါတယ်။ အခု COVID-19 ထောက်ပံ့ငွေပေးတာဆိုရင် ရမ်းဗြဲမှာ ၄ ကြိမ်ရှိပါပြီ။ ကျမတို့ တစ်ခါမှမရဘူး၊ ကျန်တဲ့ ချမ်းသာတဲ့သူတွေကျတော့ရတယ်။ အဲဒါကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သွားပြောတော့လည်း မပေးဘူး။ တိုင်ချင်ရာမှာ သွားတိုင်လို့ပြောတယ်” ဟု သူမကဆိုသည်။

လက်ရှိ အမှတ်(၃)ရပ်ကွက်တွင် ခန့်မှန်းလူဦးရေ ၄၀၀ ကျော်နေထိုင်ပြီး COVID-19 ထောက်ပံငွေရရှိသူ ဦးရေမှာ ၂၀၀ ဦးဖြစ်ပြီး ကျန်ရှိသူများကိုလည်းပေးအပ်ရန် အစိုးရထံသို့ တင်ပြတောင်းခံထားကြောင်း အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်စောရီက တုံ့ပြန်ပြောဆိုသည်။

“ကျမတို့ ပထမအကြိမ် စာရင်းကောက်တုန်းကလူတွေကို ပေးတယ်။ ဒုတိယလှိုင်းဖြစ်လာတဲ့အခါ အလုပ် မရှိသူက များလာတယ်။ ဆိုတော့က အရင်စာရင်းမှာ မပါသူတွေကလည်း လိုချင်လာတယ်။ ကျမတို့လည်း အတတ်နိုင်ဆုံး လုပ်ပေးပါတယ်။ အခုလည်း သူတို့ပါလာအောင် ဆောင်ရွက်ပေးထားတယ်” ဟု ပြောဆိုသည်။

အလားတူ အမှတ် ၅ ရပ်ကွက်နေ ပြည်သူအချို့မှ COVID-19 ထောက်ပံ့ငွေမရခြင်းကို ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရပ်ကွက်နေပြည်သူအယောက် ၃၀ ကျော်က သွားရောက်တိုင်တန်းခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်မခံဘဲ ဆဲဆိုခဲ့သည်ဟု အမှတ် ၅ ရပ်ကွက်မှ ဒေသခံ ဒေါ်စန္ဒာဝင်းကဆိုသည်။

“ကျွန်မတို့က ဘာကြောင့်မရတာလဲဆိုတာကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားတိုင်ကြတယ်။ ကျမတို့ ရပ်ကွက်က မိန်းမတွေချည်းပဲသွားတာ၊ အဲဒါကို အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထွေအုပ်ရုံးကို ရောက်နေပြီးတော့ ရုံးခြံဝင်းထဲကလာခဲ့ မယားလုပ်ပစ်မယ်၊ ဘာညာဆိုပြီး ညစ်ညမ်းတဲ့ အပြောအဆိုတွေ ပြောတယ်။ ကျမတို့ရဲစခန်းကိုသွားတိုင်ခဲ့တယ်။ အဲဒါ ညနေကျရင် ရပ်ကွက်ထဲမှာလာပြီး ထပ်ဆဲဆိုခဲ့သေးတယ်”  ဟု သူမကဆိုသည်။

ရမ်းဗြဲမြို့နယ်အတွင်းတွင် COVID-19 ကိစ္စဖြင့် အစိုးရထောက်ပံငွေပေးအပ်သည်မှာ ဆန်ဆီဆား ထောက်ပံခြင်းတစ်ကြိမ်၊ ငွေ ၂၀၀၀၀ နှစ်ကြိမ်နှင့် ငွေ ၂၆၀၀၀ တစ်ကြိမ် ထောက်ပံ့ပေးကြောင်း သိရသော်လည်း မိမိတို့အနေဖြင့် တစ်ကြိမ်မျှမရရှိသေးကြောင်း ဒေသခံအချို့ကဆိုသည်။

အမှတ် ၅ ရပ်ကွက်တွင် COVID-19 ထောက်ပံ့ငွေ မရရှိဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကျော်နှင့် ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်တို့အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ထို့အပြင် COVID-19 ထောက်ပံငွေမရရှိခြင်းကြောင့် ရမ်းဗြဲမြို့နယ်ရှိ လက်ပံကျေးရွာအုပ်စုမှ ဒေသခံများက လက်မှတ်ထိုးပြီး အစိုးရထံ တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။

အလားတူ မာန်အောင်၊ တောင်ကုတ် စသည့်မြို့နယ်များတွင်လည်း COVID-19 ထောက်ပံ့ငွေမရသည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရထံလက်မှတ်ထိုး တင်ပြတောင်းဆိုမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ