အင်တာနက်ဖွင့်ပေးရန် တောင်းဆို၍ ငြိမ်းစုစီဖြင့် တရားစွဲခံရသော ရခိုင်လူငယ်အမှုအား အမိန့်ချ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ အင်တာနက်ပိတ်ထားခြင်း ၁နှစ်ပြည့်နေ့တွင် အင်တာနက်ဖွင့်လှစ်ပေးရန် တောင်းဆို၍ တရားစွဲခံထားရသော ရမ်းဗြဲမြို့နယ်လူငယ်များကွန်ရက် တာဝန်ခံအား ဇွန်လ ၂၅ ရက်‌နေ့မှာ ရမ်းဗြဲမြို့နယ်တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။

By အောင်ကောင်းဇော် 25 Jun 2020

အောင်ကောင်းဇော် | DMG
ဇွန်လ ၂၅ ၊ ရမ်းဗြဲ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ အင်တာနက်ပိတ်ထားခြင်း ၁နှစ်ပြည့်နေ့တွင် အင်တာနက်ဖွင့်လှစ်ပေးရန် တောင်းဆို၍ တရားစွဲခံထားရသော ရမ်းဗြဲမြို့နယ်လူငယ်များကွန်ရက် တာဝန်ခံအား ဇွန်လ ၂၅ ရက်‌နေ့မှာ ရမ်းဗြဲမြို့နယ်တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။

ရမ်းဗြဲမြို့နယ် လူငယ်များကွန်ရက်မှ တာဝန်ခံ ကိုမျိုးမင်းထွန်းသည် ငြိမ်းစုစီပုဒ်မ ၁၉ နှင့် ငြိစွန်းမှုရှိ၍ ထောင်ဒဏ်(၁၅)ရက် သို့မဟုတ် ငွေဒဏ် ၂ သောင်းကျခံရန် အမိန့်ချမှတ်ရာ ငွေဒဏ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့က ၅ ဦးထက်ပိုသွားတဲ့အခါ လူစုလူဝေးဖြစ်သွားလို့ ငြိမ်းစုစီနဲ့ ငြိစွန်းတယ်လို့ပြောတယ်။ အဲဒါကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ အတိုင်း ထောင်ဒဏ် (၁၅)ရက် သို့မဟုတ် ငွေဒဏ် ၂ သောင်းချမှတ်လိုက်တော့  ကျနော်က ငွေဒဏ်ရွေးချယ်ခဲ့တယ်” ဟု ကိုမျိုးမင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ် ၇ နှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အစိုးရက အင်တာနက်ပိတ်ထားမှု တစ်နှစ်ပြည့် (ဇွန်လ ၂၁ ရက်)နေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “လူမှုအဖွဲ့အစည်းများက အင်တာနက်ဖိနှိပ်မှုဆန့်ကျင်ကြ”စာတမ်းပါ တီရှပ်များဝတ်ဆင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တောင်းဆိုခဲ့ ကြသည်။

ထို့သို့ကမ်ပိန်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ကိုမျိုးမင်းထွန်းအပြင် လက်ရှိမှာ ကျောက်ဖြူမြို့နယ်မှ လူငယ်နှစ်ဦးနှင့် အသံအဖွဲ့မှ ဒါရိုက်တာ မောင်ဆောင်းခအပါအဝင် ၅ ဦးတို့ကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည်။

ဗီဒီယိုများ