အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရသော အသက်မပြည့်သေးသည့် လူငယ်တစ်ဦး အာမခံဖြင့် လွတ်မြောက်လာ

တပ်မတော်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် အေအေနဲ့ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံ ရသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အသက်(၁၄)နှစ်အရွယ် လူငယ်တစ်ဦးမှာ ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်) ညနေပိုင်းက အာမခံဖြင့်လွတ်မြောက်လာခဲ့ပြီး ရိုက်နှက်ခံရသည့်ဒဏ်ရာများကို ဆေးကုသရန် လိုအပ် နေကြောင်း မိသားစုဝင်များကပြောသည်။

By နှင်းနွယ် 12 Dec 2020

နှင်းနွယ် | DMG
ဒီဇင်ဘာ ၁၂ ၊ စစ်တွေ

တပ်မတော်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် အေအေနဲ့ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံ ရသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အသက်(၁၄)နှစ်အရွယ် လူငယ်တစ်ဦးမှာ ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်) ညနေပိုင်းက အာမခံဖြင့်လွတ်မြောက်လာခဲ့ပြီး ရိုက်နှက်ခံရသည့်ဒဏ်ရာများကို ဆေးကုသရန် လိုအပ် နေကြောင်း မိသားစုဝင်များကပြောသည်။

လွတ်မြောက်လာသူမှာ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာနေ မောင်စွမ်းထက်ပိုင်(ခ)ညီညီဖြစ်ပြီး ၎င်းမှာ အေအေနှင့်ပတ်သက်မှုမရှိကြောင်းကို မိသားစုဝင်များက ထောက်ခံစာများဖြင့် ရဲစခန်းသို့တင်ပြခဲ့သဖြင့် အာမခံဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မောင်စွမ်းထက်ပိုင်၏ ဖခင်ဖြစ်သူ ဦးထွန်းလှိုင်ဦးက DMG သို့ ပြောသည်။

“သူက ရွာမှာကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နေသူဖြစ်ကြောင်း ထောက်ခံချက်တွေ၊ ကျောင်းထွက် လက်မှတ်ရယ်၊ ကျောင်းသားပတ်စ်ပို့တွေရယ်၊ သူ့သူငယ်ချင်းတွေရဲ့ပုံရယ် အကုန်ရဲစခန်းမှာတင်ပြရတယ်။ ဆွေမျိုးတွေအားလုံးလည်း ဝိုင်းဝန်းပြီးတော့ အာမခံပေးရတယ်။ ရဲစခန်းကတော့ ကွင်းလုံးကျွတ်လွတ်တာ မဟုတ်သေးဘူး။ အာမခံနဲ့ပဲ လွှတ်ပေးလိုက်တာနော်လို့ ပြောတယ်။ ရုံးချိန်းတွေခေါ်ရင် လာရမယ်လို့တော့ မှာလိုက်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ၎င်းမှာ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း လာမည့် ဒီဇင်ဘာ ၂၉ ရက်တွင် ရုံးချိန်းလာရောက်ရန် တာဝန်ရှိသူများက မှာကြားလိုက်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

ယင်းအပြင် မောင်စွမ်းထက်ပိုင်မှာ တပ်မတော်ထံဖမ်းဆီးခံရပြီးနောက် ရဲစခန်းသို့မလွှဲပြောင်းမီ တပ်မတော် ရေယာဉ်ပေါ်တွင် (၁၀)ရက်နီးပါး ရိုက်နှက်စစ်ဆေးခံခဲ့ရသည့် ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူရန် လိုအပ်နေသည်ဟုလည်း မိသားစုဝင်များက ပြောသည်။

“ထမင်းလည်း ဝဝလင်လင်မစားရဘူး။ အိပ်လည်းမအိပ်ရဘူး။ ကြိုးနဲ့ချည်ထားတယ်လို့ပြောတယ်။ ပြီးတော့ သတင်းစာရွက်တွေကို အကြီးကြီးလိပ်ပြီးတော့ရိုက်တယ်။ ခြေတွေနဲ့တက်နင်းတယ်။ လက်သီးတွေနဲ့ ထိုးတယ်လို့ ပြောတယ်။ နှာခေါင်းမှာ ဒဏ်ရာတွေပါတယ်။ ပြီးတော့ အတွင်းဒဏ်ရာတွေကိုလည်း ဓာတ်မှန်ရိုက်ရမယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်သေးတော့ လောလောဆယ် ဆေးကုသမှုမလုပ်နိုင်သေးဘူးဖြစ်နေတယ်’’ ဟု ဖမ်းဆီးခံရသူ မောင်စွမ်းထက်ပိုင်၏ မရီးဖြစ်သူ မစိုးနှင်းဝေက ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံရမှုများရှိကြောင်း ပြောဆိုချက်အပေါ် တပ်မတော်၏တုန့်ပြန်ချက်ကို ရရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

နိုဝင်ဘာ ၇ ရက် နံနက် ၆ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခုသည် ကုလားပုန်းကျေးရွာအတွင်းသို့့ ဝင်ရောက်လာပြီး မောင်စွမ်းထက်ပိုင်အပါအဝင် ၎င်း၏အကိုဖြစ်သူ ကိုထွန်းမင်းစိုးနှင့် ကိုစိုးမောင်ဆိုသူအား စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ နိုဝင်ဘာလ (၉)ရက်နေ့ထုတ်ပြန်ချက်တွင် ၎င်းတို့သုံးဦးမှာ ရမ်းဗြဲမြို့၊ တန်းဇင်းမြစ်အတွင်းသွားလာနေသည့် တပ်မတော်စစ်ရေယာဉ်များအား နှောင့်ယှက်ပစ်ခတ်မှုတွင် ပါဝင်ခဲ့သော AA အဖွဲ့ဝင်များဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၎င်းတို့သုံးဦးအား နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကျောက်ဖြူမြို့မရဲစခန်းသို့လွှဲပြောင်းကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)(ည)/၅၂(က)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ယင်းအထဲမှ မောင်စွမ်းထက်ပိုင်၏အကိုဖြစ်သူ ကိုထွန်းမင်းစိုးမှာ ရန်ကုန်မြို့၊ လှည်းကူးတပ်မ(၁၁)မှ တပ်ပြေး တစ်ဦးဖြစ်သည်ဟုဆိုကာ တပ်မတော်သားများမှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ သတင်း အစအနမရရှိဘဲ ပျောက်ဆုံးနေသဖြင့် စိုးရိမ်နေကြောင်း ဇနီးဖြစ်သူ မစိုးနှင်းဝေကပြောသည်။

“သွားစုံစမ်းတော့လည်း သူတို့ကဘာမှမပြောဘူး။ သတ်ပစ်လိုက်ကြပြီလားဆိုတာလည်း မသိရဘူး။ မိသားစုတွေ ကတော့ သူနဲ့စကားတစ်ခွန်းနှစ်ခွန်းလောက်ပြောရရင် ကျေနပ်ပါပြီ။ တကယ်လို့ စကားပြောခွင့်မရရင်တောင် ကျန်းကျန်းမာမာနဲ့ရှိနေကြောင်း သူနဲ့ပတ်သက်တဲ့ သတင်းအစအနတစ်ခုလောက် ကြားရရင်လည်း ကျေနပ် ပါတယ်’’ ဟု ၎င်းကဆိုသည်။

အလားတူ တပ်မတော်ရေယာဉ်အားပစ်ခတ်မှုတွင်ပါဝင်သည့် သံသယဖြင့် ကုလားပုန်းရွာသားနှစ်ဦးနှင့် စနဲမြို့ ဒေသခံနှစ်ဦးတို့ကိုလည်း နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် နေရာအသီးသီးမှဖမ်းဆီးခဲ့ပြီး အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ အေအေနှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀၄ ဦးအထိရှိပြီး ယင်းထဲတွင် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများလည်း ရှိသလို ဖမ်းဆီးခံရပြီးနောက် သတင်းအစအန ပျောက်ဆုံးနေသူများလည်းရှိကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

ဗီဒီယိုများ