ရမ်းဗြဲမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ကျေးရွာအုပ်ချူပ်ရေးမှူး တာဝန်မှရပ်နားခံရ

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ပြန်ကြားရေးတာဝန်ခံ ဦးသန့်ဇော်နှင့် ခိုက်ရန်ဖြစ်ပွား ခဲ့သည့် ရမ်းသစ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြင့်အား ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် တာဝန်ရပ်ဆိုင်းလိုက်ကြောင်း ကာယကံရှင်ထံမှ သိရသည်။

By အောင်ကောင်းဇော် 17 Sep 2020

အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၁၇ ၊ မာန်အောင်

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ပြန်ကြားရေးတာဝန်ခံ ဦးသန့်ဇော်နှင့် ခိုက်ရန်ဖြစ်ပွား ခဲ့သည့် ရမ်းသစ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြင့်အား ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် တာဝန်ရပ်ဆိုင်းလိုက်ကြောင်း ကာယကံရှင်ထံမှ သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စက်တင်ဘာ ၃ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရမ်းသစ်ကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအား စက်တင်ဘာ ၉ ရက်နေ့မှစ၍ တာဝန်မှရပ်နားလိုက်ကြောင်းကို ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ အကြောင်းကြားစာပေးပို့လာကြောင်း ကာယကံရှင်ဖြစ်သူက ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် NLD ပါတီ၏ မူဝါဒအရ ရမ်းသစ်ကြီးကျေးရွာအုပ်စု၊ စစ်ပြားကျေးရွာ၌ မှတ်ပုံတင်အခမဲ့လုပ်ဆောင်ပေးမည့် အစီအစဉ်ကို သွားရောက်နှိုးဆော်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးတာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ စကား များကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။

“ကိုဗစ်ကာကွယ်ရေးအတွက် မြို့နယ်ကနေ ညွှန်ကြားချက်အတိုင်း လုပ်စုလုပ်ဝေးမဖြစ်အောင် လုပ်ဆောင် နေတဲ့ဟာကို အခုလိုတာဝန်ကရပ်နားလိုက်တာဟာ အမှန်တရားလမ်းကြောင်းပေါ်က လုပ်တာမဟုတ်ဘူးလို့ ထင်တယ်” ဟု တာဝန်ရပ်ဆိုင်းခံလိုက်ရသည့် ဦးတင်မြင့်ကဆိုသည်။

ခိုက်ရန်ဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံအနေဖြင့် ရာဇသတ်ကြီး ပုဒ်မ- ၃၂၅ / ၂၉၄/ ၁၁၄ တို့ဖြင့်လည်းကောင်း၊ အုပ်စုအုပ်ချုပ်ရေးမှူးကလည်း ရာဇသတ်ကြီးပုဒ်မ ၄၅၁/ ၂၉၄/ ၅၀၆/၄၂၇ တို့ဖြင့်လည်းကောင်း အပြန်အလှန်အမှုဖွင့်လှစ်ထားကြောင်း ရမ်းဗြဲမြို့မရဲစခန်းမှ သိရသည်။

ဗီဒီယိုများ