ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ဘေးရှောင်အများစုမှာ နေရပ်သို့ ပြန်မရောက်နိုင်သေး

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု များကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်အများစုမှာ မိမိတို့နေရပ်သို့ ပြန်မရောက်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိနေကြသည်။

28 Apr 2021

DMG ၊ ဧပြီ ၂၈

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု များကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်အများစုမှာ မိမိတို့နေရပ်သို့ ပြန်မရောက်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိနေကြသည်။

တိုက်ပွဲ ၂ နှစ်တာကာလအတွင်း ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစ၍ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲများရပ်တန့်နေခဲ့သည်မှာ ယခုအခါ ၆ လခန့် ကြာမြင့် နေပြီဖြစ်သည်။

တိုက်ပွဲရပ်တန့်နေသဖြင့် စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်သို့ ပြန်သွားကြသည်များရှိသော်လည်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိကြသည်။

စစ်ဘေးရှောင်များမှာ တိုက်ပွဲကာလအတွင်း နေအိမ်နှင့် ပစ္စည်းများဆုံးရှုံးခဲ့ရသည့်အပြင် လက်ရှိအချိန်ထိ တပ်မတော်မှ ကျေးရွာအနီးတွင် တပ်စွဲထားမှုများ၊ စစ်ကျန်လက်နက်နှင့် မိုင်းအန္တရာယ်များ စသည့် စိုးရိမ် ချက်များကြောင့် နေရပ်မပြန်ကြခြင်းဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

စစ်ဘေးရှောင်များနေရပ်ပြန်မည်ဆိုပါက တာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုကြောင်း ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် ဦးဦးစိုးသိန်းက ပြောသည်။

“မိုးရာသီလည်းရောက်တော့မှာဆိုတော့ ကျနော်တို့အနေနဲ့ ကိုယ့်အိမ်ကိုယ်ယာကို ပြန်လည်ပြုပြင်ပြီး နေဖို့ အတွက်တော့ပြန်ချင်တယ်။ ဒီမှာနေရတာလည်း အမိုးအကာတွေ၊ စားရသောက်ရတာတွေလည်း အဆင် မပြေတာတွေများလာတယ်လေ။ မိုးစပါးတွေစိုက်ဖို့အတွက်လည်း ကျနော်တို့မှာပြင်ဆင်ရအုံးမယ်။ ကျနော်တို့ ပြန်သွားလို့ရှိရင် စားဝတ်နေရေးအဆင်ပြေဖို့အတွက်တော့ တာဝန်ယူ၊ တာဝန်ခံမှုတွေရှိဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ပါက ပျက်စီးနေသည့်နေအိမ်များကို ပြုပြင်ပေးပြီး စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးမည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဧပြီလ ၂၆ ရက် နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့ကို နေရပ်ပြန်ချင်တယ်ဆိုပြီးတော့ တင်ပြလာတာတွေရှိတယ်။ အဲဒီသူတွေမှာ နေအိမ်ပျက်စီးနေတာ တွေကို ကျနော်တို့က ပြုပြင်ပေးသွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ရိက္ခာအားဖြင့် လူ/ကယ်/ပြန်က သုံးလ စာလောက်ပေးဖို့လည်း စီစဉ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် မကြာမီမိုးရာသီကျရောက်တော့မည်ဖြစ်သဖြင့် နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်များ လယ်ယာ လုပ်ကိုင်နိုင်ရန်အတွက် ထွန်စက်၊ မျိုးစေ့နှင့် မြေသြဇာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ကောင်စီကပြောသည်။

ဧပြီလ ၂၄ ရက်နေ့က အမ်းမြို့နယ်မှ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော်အတွက် အိမ်ထောင်စုတစ်စုကို ငွေကျပ်ငါးသိန်းနဲ့ စားနပ်ရိက္ခာတစ်လစာကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ပေးခဲ့ပြီး ဘေး/စီ/မံဌာနမှလည်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ ပေးခဲ့သည်ဟုလည်း ကောင်စီကပြောသည်။

လက်ရှိမှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာတို့မှ စစ်ဘေးရှောင်ဦးရေ ငါးရာခန့်မှာ နေရပ်ပြန်ရန်အတွက် ဆက်သွယ်အကြောင်းကြား လာသည်များရှိကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးသန်းထွန်းက ဆိုသည်။

၎င်းတို့နေရပ်ပြန်ပါက လိုအပ်သည့်စားနပ်ရိက္ခာနှင့် မီးလောင်သွားသည့်နေအိမ်များကိုလည်း ပြန်လည် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဦးသန်းထွန်းကဆိုသည်။

“စားနပ်ရိက္ခာဆိုရင်လည်း အနည်းဆုံး ၁ လစာပေါ့နော်။ မီးလောင်သွားတဲ့ မိသားစုတွေဆိုရင်တော့ အနည်းဆုံး ၃ လစာပေါ့နော်။ အဲ့လိုမျိုးစီစဉ်ပေးသွားမှာပါ။ မီးလောင်သွားတဲ့အိမ်ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်ကို ပြန်သွား ချင်တယ်ဆိုတဲ့ သူတွေကိုလည်း အိမ်ဆောက်ပေးသွားဖို့ရှိတယ်။ ကျနော်တို့အနေနဲ့တော့ အတင်းအားဓမ္မ မပြန်ခိုင်းပါဘူး” ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ နေအိမ်ပျက်စီးသွားသည့်စာရင်းနှင့် နေရပ်ပြန်မည့်လူဦးရေ စာရင်းအား ကောင်စီသို့ ပေးပို့ထားသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း လက္ကာကျေးရွာမှ စစ်ဘေး ရှောင်တိမ်းလာသူ ဦးအောင်စိန်ဦးက ဆိုသည်။

“စစ်ကောင်စီက အိမ်ဆောက်ပြီးလို့ရှိရင် ကိုယ့်အိမ်ကိုပြန်သွားကြမှာလားမေးလို့ ကျနော်တို့ပြန်မယ်လို့ ပြောလိုက်တယ်။ ကျနော်တို့ကတော့ မိုးရာသီမရောက်ခင်ပြန်ချင်တယ်။ အခုကပြန်ရမှာလား၊ မပြန်ရဘူးလား ဆိုတာကို သိချင်နေကြတယ်။ အဲဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့လည်း အမြန်ဆုံး လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ဆိုသည်။

ဗီဒီယိုများ