ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပို့ပြီးပြန်လာသည့် လှေသမားနှစ်ဦးထံ ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီးပြန်လာသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ လှေသမားနှစ်ဦး ထံ၌ COVID -19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By ကျော်မျိုးအောင် 11 Jul 2020

ဓါတ်ပုံ - ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပို့ပြီးပြန်လာသူများထံမှ တို့ပတ်နမူနာများယူနေစဉ်

ကျော်မျိုးအောင် | DMG
ဇူလိုင် ၁၁ ၊ မောင်တော

ဘင်္ဂလားဒေရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီးပြန်လာသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ လှေသမားနှစ်ဦး ထံ၌ COVID -19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လှေသမားနှစ်ဦးသည် ဇူလိုင်လ ၃ ရက်နေ့က တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ရန် သွားရောက်ခဲ့ပြီး ဇူလိုင်လ ၅ ရက်နေ့က ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း မောင်တောခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက DMG သို့ပြောသည်။

“အခု ပိုးတွေ့သူနှစ်ဦးက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ကုန်ပ့ိုပြီးပြန်လာတဲ့ မော်တောဘုတ်သမား နှစ်ဦးဖြစ်တယ်။ လက်ရှိ ကျန်းမာလျက်ပါ။ မောင်တောဆေးရုံကို ယူဆောင်ပြီး ဆေးကုသမှု ပြုလုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီးပြန်လာသူ ၁၇ ဦး၏ တို့ပတ်နမူနာများကို ရန်ကုန်မြို့သို့ပို့ဆောင်ကာ ဓာတ်ခွဲမှုများလုပ်ဆောင်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ နှစ်ဦးမှာ ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၀ ရက်နေ့ ည ၁၀ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်သွားရောက်ပို့ဆောင်သည့် လှေသမားများအတွက် ကုန်သွယ်ရေးစခန်းအနီးတွင် Facility Quarantine အဆောက်အဦတစ်ခုပြုလုပ်ကာ ပြင်ပလူများနှင့် ထိတွေ့မှုမရှိစေရန် စီမံထားသည့်အတွက် ပြင်ပလူများသို့ ရောဂါပြန့်ပွားမှုမရှိနိုင်ကြောင်း မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစံသိန်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီးပြန်လာသည့် သဘောၤပေါ်တွင် လိုက်ပါလာသူတစ်ဦးထံ၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်မှစတင်ကာ စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အကန့်အသတ်မရှိ ယာယီရပ်နားထားခဲ့ရသည်။

ထို့အတူ မောင်တောနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ အကန့် အသတ်မရှိ ယာယီရပ်နားခဲ့ပြီး ယခုပိုးတွေ့လူနာနှစ်ဦးမှာ ရပ်နားလိုက်သည့်နေ့က နောက်ဆုံးထွက်ခွာ သွားခဲ့သည့် လှေသမားနှစ်ဦးဖြစ်ကြောင်း ဦးစံသိန်းကဆိုသည်။

မောင်တောခရိုင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ပြန်လည်ဝင်ရောက်လာသူ ရှစ်ဦးထံတွင်လည်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် COVID -19 ပိုးတွေ့လူနာ ဆယ့်လေးဦးအထိရှိနေပြီဖြစ်ကာ ယင်းအထဲမှ မောင်တောဆေးရုံမှ သုံးဦး၊ သံတွဲမြို့နယ်မှတစ်ဦးနှင့် တောင်ကုတ်ဆေးရုံမှတစ်ဦးတို့မှာ ရောဂါကင်းစင်သဖြင့် ဆေးရုံမှဆင်းခွင့် ရရှိသွားပြီဖြစ်သည်။

ကျန်ပိုးတွေ့လူနာ ၉ ဦးမှာ စစ်တွေဆေးရုံတွင်တစ်ဦး၊ မောင်တောဆေးရုံတွင် ခြောက်ဦးနှင့် ဘူးသီးတောင် ဆေးရုံတွင် နှစ်ဦးတို့ ဆေးကုသမှုခံယူလျက်ရှိကြသည်။

ဗီဒီယိုများ