ရာသီဥတုဒဏ်ကြောင့် ရသေ့တောင်က စစ်ဘေးရှောင်ကလေးငယ်တချို့ ကျန်းမာရေးထိခိုက်နေ

ရာသီဥတု ပူပြင်းလာမှုဒဏ်ကြောင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ကလေးငယ်အချို့မှာ ကျန်းမာရေးထိခိုက်ကာ ဖျားနာမှုများရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

By အောင်ထိန် 20 Mar 2020

အောင်ထိန် | DMG
မတ် ၂၀ ၊ ရသေ့တောင်

ရာသီဥတု ပူပြင်းလာမှုဒဏ်ကြောင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ကလေးငယ်အချို့မှာ ကျန်းမာရေးထိခိုက်ကာ ဖျားနာမှုများရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်ဘေးရှောင်များမှာ တာပေါ်လင်စဖြင့် မိုးထားသည့် ၆ ပေခန့်ရှိသော အခန်းကျဉ်းများတွင် မိသားစုလိုက် စုပြုံကာ နေထိုင်နေရကြောင်း၊ နေထိုင်ရေး အဆင်မပြေသဖြင့် ကျန်းမာရေးထိခိုက်ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် ဒေါ်ယဉ်သန်းက ပြောသည်။

“ကလေးတွေနဲ့ နေရတာအဆင်မပြေဘူး။ အထက်ကလည်း တာပေါ်လင် မိုးထားတာ။ အောက်ကဆိုလည်း ကောက်ရိုးခင်းထားတာ။ ပြီးတော့ကျမတို့နေတာက အပြင်အဝမှာဖြစ်တော့ ဆိုင်ကယ်တွေ၊ ဘေးတွဲ ဆိုင်ကယ်တွေသွားရင် ကလေးကို ဖုန်မှုန့်တွေဝင်တယ်”ဟု ၎င်းကဆိုသည်။

ရသေ့တောင်မြို့ပေါ်မှာရှိ စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးဌာမှ တစ်ပတ်တစ်ကြိမ် ကျန်းမာရေး စောင့်ရှောက်မှုများ လာရောက်လုပ်ဆောင်နေသော်လည်း ကြားရက်များတွင် နေမကောင်းဖြစ်ပွားပါက ငွေကြေးမတတ်နိုင်မှုကြောင့် ပြင်ပဆေးခန်းများတွင် ဆေးကုသရန် အခက်တွေ့ရကြောင်း စစ်ဘေးရှောင်များကဆိုသည်။

“ကလေးတွေမှာ အပူတွေကြောင့် နေမကောင်းဖြစ်ရင် အပေါ့သွားရင်လည်း အရမ်းပူနေတယ်၊ အန်ရင်လည်း အရမ်းပူတယ်” ဟု ဒေါ်ယဉ်သန်းကဆိုသည်။

ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီစစ်ဘေးရှောင်စခန်းအပြင် တခြားစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များမှာလည်း သောက်သုံးရေ မသန့်ရှင်းမှုနှင့် ရာသီဥတုပူပြင်းမှု ဒဏ်များကြောင့် ချောင်းဆိုးခြင်း၊ ဝမ်းလျှော၊ ဝမ်းပျက်ခြင်းများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိ ရှိနေကာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးများ ထိခိုက်နေသည်။

ဗီဒီယိုများ