ရခိုင်မြောက်ပိုင်းတွင် စစ်ရေးတင်းမာနေမှုနှင့် ရိက္ခာပြတ်လပ်မှုတို့ကြောင့် ထောင်နှင့်ချီသောဒေသခံများ နေရပ်စွန့်ခွာနေကြ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ကျေးရွာ(၆)ရွာခန့်မှ ဒေသခံ ၁၅၀၀ ကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

19 Aug 2022

ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရသေ့တောင်ဒေသခံများကို တွေ့ရစဉ်။(ဓာတ်ပုံ- Aung Min Soe)

DMG ၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ကျေးရွာ(၆)ရွာခန့်မှ ဒေသခံ ၁၅၀၀ ကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အောင်သုခ၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင်၊ ဒုံးပိုက်၊ ဆင်ပိုက် စသည့်ကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်တပ်က သွားလာခွင့်ကန့်သတ်ခြင်း၊ တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်များကို စိုးရိမ်မှုများကြောင့် ထွက်ပြေးရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင်၊ ဒုံးပိုက်၊ ဆင်ပိုက် စတဲ့ရွာတွေကတော့ မယူကမ်းဖက်ကို ထွက်ပြေးသွားပါပြီ။ ကျွဲ၊ နွား စောင့်ကြည့်မယ့်လူတွေလောက်ပဲ ကျန်ခဲ့တယ်။ အင်းဒင်ရွာနဲ့ ကျောက်ပန်းဒူရွာက ရွာသားတွေကတော့ လမ်းခရီးတွေ အခက်အခဲရှိလို့ မပြေးကြပါ“ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် ကိုအောင်မင်းစိုးကပြောသည်။

အချို့ဒေသခံများမှာလည်း တိုက်ပွဲဖြစ်ပွားပြီးနောက် သွားလာရေးခက်ခဲမှုတို့ကြောင့် ရိက္ခာပြတ်တောက်မည်ကို စိုးရိမ်၍ ထွက်ပြေးကြခြင်းဖြစ်သည်ဟု ဒေသခံများကဆိုကြသည်။ လက်ရှိတွင် ၎င်းတို့မှာ သရက်ချောင်း၊ အောင်ဆိပ်၊ မင်းဖူး၊ နော်ဝေ၊ သံချောင်း စသည့်ကျေးရွာများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။

“လက်ရှိ ဒီဘက်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေကတော့ သူတို့အတွက် ကုန်ဈေးနှုန်းကလည်းကြီး၊ ပြီးရင် ရွာတစ်ရွာကလည်း သူတို့ကို တစ်ပတ်၊ ၁၀ ရက်လောက် ကျွေးမွေးထားဖို့က မလွယ်ပါဘူး။ အဲဒါကြောင့် နိုင်ငံခြားအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းကအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ စားနပ်ရိက္ခာတွေ ထောက်ပံ့ရင် ပိုအဆင်ပြေကြပါလိမ့်မယ်”ဟု ကိုအောင်စိုးမင်းကပြောသည်။

အလားတူ မောင်တော-အငူမော်ကားလမ်းကိုလည်း မြန်မာစစ်တပ်က သြဂုတ်လ ၁၄ ရက်နေ့က ပိတ်ပင်ထားသောကြောင့် မောင်တောဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ အချို့ကျေးရွာများတွင် ဆန်၊ ဆီ၊ ဆား စသောအခြေခံစားသောက်ကုန်များ ပြတ်လပ်မည့်အခြေအနေနှင့်ကြုံတွေ့နေရကြောင်း မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)ထံမှ သိရသည်။

အဆိုပါကားလမ်းအား ပိတ်ဆို့ထားခြင်းမှာ လုံခြုံရေးကြောင့်ဆိုသော်လည်း လိုသည်ထက်ပိုလျှင် ရလာဒ်ကောင်းများထက် ဆိုးကျိုးကိုသာဖြစ်စေနိုင်သည်ကို သတိပြုမိစေလိုပြီး ရုပ်သိမ်းခြင်း (သို့မဟုတ်) စစ်ဆေးပြီးခွင့်ပြုသည့်စနစ်ကို အသုံးပြုရန်လည်း မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ အလုပ်အမှုဆောင်ကော်မတီက ယနေ့(သြဂုတ်လ ၉ ရက်)နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌထံ တင်ပြထားသည်။

လုံခြုံရေးကြောင့် စားနပ်ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားခြင်းမှာ ဒေသခံပြည်သူလူထု၏ စားဝတ်နေရေးကို များစွာထိခိုက်နစ်နာစေပြီး နောင်တွင်ငတ်မွတ်ခေါင်းပါးမှုများ ရင်ဆိုင်ရကာ နေရပ်စွန့်ခွာမှုကဲ့သို့သော မလိုလားအပ်သည့် အုပ်ချုပ်မှုပြဿနာများ ပေါ်ပေါက်လာမည်ကို အလွန်စိုးရိမ်မိကြောင်းလည်း ပါတီ၏တင်ပြချက်တွင် ရေးသားထားသည်။

ထို့ပြင် မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာတွင်လည်း ဒေသခံများကို မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ရွာပြင်သွားလာမှုကို ကန့်သတ်ခြင်းများရှိသဖြင့် ဒေသခံများ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်းဆိုသည်။

“ကျွန်တော်တို့ ကျောက်ပန်းဒူမှာတော့ ဆိုင်ကယ်နဲ့ လမ်းပေါ်လုံးဝတက်လို့မရဘူး။ အခက်အခဲတွေပေါင်းစုံပါပဲ။ ရဲတွေကို အကျိုးကြောင်းပြောပြတော့ ထွက်လို့သွားခွင့်တော့ရတယ်။ ကိုယ်ဖြစ်ရင်ကိုယ်ခံလို့ပြောပါတယ်။ ကျွန်တော်တို့အတွက် အသက်အာမခံချက် မရှိဘူးပေါ့။ ကျွန်တော့်ကိုပြောလာတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင် လစေ့နေပြီ။ မနက်ဖြန်မွေးမယ့် ကလေးတစ်ယောက်ဆိုရင် လုံးဝခွင့်တောင်းလို့မရဘူးတဲ့။ ညမထွက်ရ ပုံစံမျိုးတောင်မဟုတ်တော့ပါ။ နေ့လည်းမထွက်ရ ပုံစံမျိုးဖြစ်နေတဲ့အတွက် အခက်အခဲများစွာကြုံနေကြရပါတယ်”ဟု ကျောက်ပန်းဒူဒေသခံတစ်ဦးက ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီး၊ မောင်တောမြို့နယ် ကျောက်ပန်းဒူကျေးရွာအနီးနှင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀)အနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒုံးပိုက်ရွာအနီးတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက် ၃၁ ဦးကျဆုံးခဲ့ကြောင်း AA ဘက်က ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်သည် လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရခိုင်ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် မိမိတို့တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone ဒရုန်းများပေါ်မှ ဗုံးချတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲဧရိယာမှာ ပိုမိုများပြားလျက်ရှိပြီး တကျော့ပြန်တိုက်ပွဲများမှတဆင့် ရက္ခိုင်ပြည်အနှံ့၊ မြန်မာတစ်နိုင်ငံလုံးအနှံ့ ပိုမိုများပြားလာဖွယ်ရှိကြောင်း AA ဘက်က ဆိုထားသည်။

ဗီဒီယိုများ