ရသေ့တောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အာကာတောင်(မွတ်ဆလင်ကျေးရွာ)အနီးတွင် မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီခန့်က မိုင်းနင်းမိသောကြောင့် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

By မျိုးသီရိကျော် 11 Mar 2020

မျိုးသီရိကျော် ၊ ချလူးအောင် |DMG
မတ် ၁၁ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အာကာတောင်(မွတ်ဆလင်ကျေးရွာ)အနီးတွင် မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီခန့်က မိုင်းနင်းမိသောကြောင့် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

အသက် ၁၃ နှစ်အရွယ် မာမောက်ဂျော်မီလ် နှင့် အသက် (၁၂) နှစ်အရွယ် အေနာတူလာတို့သည် အာကာတောင်ကျေးရွာနှင့်သမီးလှကျေးရွာကြား လယ်ကွင်းပြင်သို့ နွားကျောင်းရန်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မာမောက်ဂျော်မီလ်မှာ ပြင်းထန်စွာဒဏ်ရာရရှိပြီး ဆေးရုံသို့ယူလာစဉ် လမ်းတွင်သေဆုံးသွားသည်။ ဒဏ်ရာရရှိသူ အေနာတူလာကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု မိသားစုဝင်များထံက သိရသည်။

“သူတို့သွားလို့ ခဏနေရင် ပေါက်ကွဲသံတစ်ခု ကြားလိုက်ရတယ်။ ပေါက်ကွဲသံကြားလို့ သွားကြည့်လိုက်တော့ သူတို့နှစ်ယောက်နဲ့ တွင်းတစ်တွင်း တွေ့ခဲ့တယ်”ဟု မာမောက်ဇော်မီ၏ဖခင် ဒီမာမားက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဒေသများက ဒေသခံများမှာ မိမိကျေးရွာအနီးရှိ လယ်ကွင်းများကို နွားကျောင်းရန်သွားစဉ်နှင့် တောတောင်များကို ဟင်းရှာ၊ထင်းခုတ်ရန်သွားစဉ် မကြာခဏ မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရရှိမှုများ ရှိနေသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှှုကြောင့် အရပ်သားသေဆုံးမှှု(၁၃၀)ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ(၃၀၀)ကျော်အထိ ရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ ရန်ကုန်)၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ