ကျွဲရှာရန်သွားသည့် ရသေ့တောင်ဒေသခံတစ်ဦး မိုင်းနင်းမိသေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဧပြီလ ၅ ရက်နေ့၊ ညနေပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ကျွဲရှာရန်သွားသည့် အမျိုးသားတစ်ဦး သေဆုံးသွားသည်။

By မျိုးသီရိကျော် 06 Apr 2020

ဦးသိန်းမောင်၏ ရုပ်အလောင်းကို ရသေ့တောင်ဆေးရုံသို့ သယ်ဆောင်လာစဉ်၊{ဓာတ်ပုံ-ကိန်းသာ (စိုးသိမ်း)}

မျိုးသီရိကျော် | DMG
ဧပြီ ၆ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဧပြီလ ၅ ရက်နေ့၊ ညနေပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ကျွဲရှာရန်သွားသည့် အမျိုးသားတစ်ဦး သေဆုံးသွားသည်။

ငစံဘော်(ခ)မုဆိုးချောင်းကျေးရွာမှ အသက် (၅၇)နှစ်အရွယ် ဦးသိန်းမောင်သည် ရွာနှင့် ၆ ဖာလုံအကွာရှိ တောင်တန်းအနီးသို့ လူသွားလူလာများသည့်လမ်းအတိုင်း ကျွဲရှာရန်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ညာဖက်ခြေနှင့် ညာဖက်လက်ဖျားများလည်း ပြတ်သွားပြီး သွေးထွက်လွန်ကာ သေဆုံးသွားသည်ဟု ညီဖြစ်သူ ဦးသိန်းထွန်းဖြူက DMG သို့ပြောသည်။

“သူနဲ့လိုက်ပါသွားတဲ့ ထွန်းအေးမောင် ဖုန်းဆက်လာတယ်။ မိုင်းနင်းမိတယ်ဆိုပြီး။ ဒါကြောင့် သူ့ကို ရသေ့ တောင်ဆေးရုံကို ပို့ဖို့အတွက် ယူလာခဲ့တယ်။ ကုန်းလမ်းမှာ ညမထွက်ရအမိန့်ကြောင့် ရေလမ်းကနေ စက်လှေနဲ့ပို့ခဲ့တာပါ။ ဆေးရုံမရောက်ဘဲ ည(၈)နာရီကျော်လောက်မှာ သွေးလွန်ပြီး သေဆုံးသွားခဲ့တယ်” ဟု ၎င်းကဆိုသည်။

ယင်းတောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများ ရှိသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုင်းနင်းမိမှုကြောင့် ထင်းခုတ်သွားသူများ၊ ကျွဲရှာ၊ နွားရှာသွားသူများ မိုင်းနင်းမိကာ သေဆုံးမှု မကြာခဏ ရှိနေသည်။ ထို့ပြင် ပစ်ခတ်ခံရမှု၊ လက်နက်ကြီးကျည် ထိမှန်မှုတို့ကြောင့်လည်း အရပ်သားသေဆုံးမှု အရေအတွက် မြင့်တက်နေသည်။

ဗီဒီယိုများ