ရသေ့တောင်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့(ဇူလိုင်လ ၈ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်ခန့်ကမိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း ၎င်းရွာသားများထံမှ သိရသည်။

By အောင်ထိန် 08 Jul 2020

 
အောင်ထိန် | DMG
ဇူလိုင် ၈ ၊ ရသေ့တောင်
 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့(ဇူလိုင်လ ၈ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်ခန့်ကမိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း ၎င်းရွာသားများထံမှ သိရသည်။
 
ဒဏ်ရာရရှိသူမှာ ဦးဦးကျော်သန်း (၆၆)နှစ်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက ကျေးရွာ၏မြောက်ဘက်တွင်ရှိသော နွားစားကျက်ကွင်းတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း င/တောက်တူကျေးရွာမှ ဦးညိုစံအောင်က DMG သို့ ပြောသည်။
 
“ခြေနှစ်ဖက်လုံးကတော့ ကြွေမွသွားတယ်။ ဖြတ်ရမယ့်အနေအထားရှိတယ်။ ဒဏ်ရာကတော့စိုးရိမ်ရတယ်” ဦးညိုစံအောင်က ပြောသည်။
 
လက်ရှိအချိန်၌ ၎င်းမှာ ရသေ့တောင်မြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေပြီး စစ်တွေမြို့ဆေးရုံကြီးသို့ ယူဆောင်လာမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
 
အလားတူ ဧပြီလအတွင်းကလည်း ရသေ့တောင်မြို့နယ် င/စံဘော်ကျေးရွာမှ အသက်(၅၇)နှစ်အရွယ် ဦးသိန်းမောင်သည် ရွာနှင့် ၆ ဖာလုံအကွာရှိ တောင်တန်းအနီးသို့ ကျွဲရှာရန်သွားစဉ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
 
ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ၂၀၁၉ ခုနှစ်အတွင်းက အရပ်သား (၈၆)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၇၄)ဦးရှိခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)မှ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
 
ယင်းသို့ သေဆုံး၊ဒဏ်ရာရရှိမှုများသည် နှစ်ဘက်လက်နက်ကိုင်တိုက်ပွဲများကြားတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် မိုင်းအန္တရာယ်များကြောင့်ဖြစ်သည်ဟု MIPS အကြီးတန်းသုတေသနတာဝန်ခံ ဦးနေလင်းအောင်က ဆိုသည်။

ဗီဒီယိုများ