ကိုဗစ်ကာလ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ၍ ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မြင့်တက်လာသောကြောင့် ပြည်သူများစိုးရိမ်နေကြ ချိန်တွင် ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

By နှင်းနွယ် 04 Oct 2020

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AA

နှင်းနွယ် | DMG
အောက်တိုဘာ ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မြင့်တက်လာသောကြောင့် ပြည်သူများစိုးရိမ်နေကြ ချိန်တွင် ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းအုပ်စုတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကာ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ဂျက်လေယာဉ် (၂)စီးဖြင့် လာရောက်ပစ်ခတ် ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

(ယနေ့)အောက်တိုဘာ ၄ ရက်တွင်လည်း တပ်မတော်မှ ဂျက်လေယာဉ်တစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သလို ရသေ့တောင်မြို့ပေါ်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်နေကြောင်း ဒေသခံများ၏ ပြေကြားချက်အရ သိရသည်။

“မနေ့ညက တစ်ညဉ့်လုံး လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ မနက်မိုးလင်းခါနီးမှ ပစ်သံရပ်သွားတာ။ ဒီနေ့လည်း တိုက်ပွဲဖြစ်လား၊ မဖြစ်လားတော့မသိဘူး။ လက်နက်ကြီးတွေနဲ့လှမ်းပစ်နေလို့ အိမ် ၃၀ နီးပါးလောက်ပျက်စီးကုန်ပြီ” ဟု ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာမှ ဦးမောင်သာထွန်းက ပြောသည်။

အလားတူ မင်းပြားမြို့နယ် မေလွမ်းကျေးရွာနှင့် ဖားပျော်ကျေးရွာအကြားတွင် စက်တင်ဘာ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း ရာမောင်တံတားအနီး ဆနွင်းတောင်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတိုက်ပွဲအတွင်းမှ လက်နက်ကြီးကျရောက်မှုကြောင့် သေကံကျေးရွာမှ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ခြေထောက်၌ဒဏ်ရာရရှိသွားခဲ့ပြီး မင်းပြားဆေးရုံ၌ဆေးကုသမှုခံယူခဲ့ရသည်။

ထို့ပြင် အောက်တိုဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင်လည်း မင်းပြားမြို့နယ် ကမ်းနီကျေးရွာ(တိုင်းဗဟို ၉ အနီး)တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်များဖြင့်လာရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ဒေသခံများကပြောသည်။

“ရဟတ်ယာဉ်တွေနဲ့ ဗုံးလာကြဲတော့ အနီးအနားကဒေသခံတွေကလည်း စိုးရိမ်ပြီးတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတယ်။ ပြီးတော့ မနေ့က တပ်မတော်သားတွေက မင်းပြားတပ်ရင်းကနေ လာပြီးတော့ နရမ်းရွာ ခွဆုံနားရောက်တာနဲ့ လမ်းမှာတွေ့တဲ့ အရူးတစ်ယောက်ကိုဖမ်းပြီး နောက်ပြန်ကြိုးတုပ်တယ်။ ပြီးတော့ပါးစပ်ကို အဝတ်စနဲ့ထိုးထည့်ပြီးတော့ ရိုက်တယ်။ ကျနော်တို့ဒေသခံတွေ ကြောက်နေရတာကလည်း အဲဒါပဲ။ တပ်မတော် သားတွေက တိုက်ပွဲဖြစ်ပြီဆို လမ်းမှာတွေ့တဲ့သူတွေကို မသင်္ကာဘူးဆိုပြီး လိုက်ဖမ်းတယ်’’ ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

တပ်မတော်အနေဖြင့် ကိုဗစ်ဒုတိယလှိုင်း ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ရေး လှုပ်ရှားမှုများကို တိုးမြှင့်ရပ်စဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ကြေညာခဲ့သည်။

သို့သော် တပ်မတော်၏ကြေညာချက်တွင် တိုက်ပွဲပြင်းထန်မှုများရှိနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ မပါဝင်ခဲ့ပေ။

ရက္ခိုင့်တပ်တော်(AA)အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့မှလည်း ငြိမ်းချမ်းရေးလုပ်ငန်း၊ ကိုဗစ်ဒုတိယလှိုင်းအား ထိန်းချုပ်တားဆီးရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အထောက်အကူ ပြုစေရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့ထိ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း စက်တင်ဘာလ ၁ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

သို့သော် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို စစ်ဘေးရှောင်များမှာလည်း တဖြည်းဖြည်း တိုးလာ နေသောကြောင့် နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်ကာလအတွင်း တိုက်ပွဲများကိုရပ်တန့်ပေးစေ လိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

“အခုလို ကပ်ဘေးကာလမှာ တိုက်ပွဲတွေမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တာပေါ့။ နှစ်ဖက်အဖွဲ့အစည်း တွေသာ အပြန်အလှန်ပစ်နေမယ်ဆိုရင် ပြည်သူတွေအနေနဲ့လည်း ခံနိုင်မှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ရင် ဒေသခံတွေ ထွက်ပြေးရတယ်။ အခုလို ကိုဗစ်ဖြစ်နေတဲ့ကာလမှာ စစ်ဘေးရှောင်စခန်းတွေမှာ လူအများကြီး သွားနေဖို့ဆိုတာကလည်း စိုးရိမ်စရာကောင်းတယ်။ ဒါကြောင့် တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ကို ဒေသခံ တစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်” ဟု ရသေ့တောင်နယ်မှ ဦးမောင်သာထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာနေပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာလည်း နှစ်သိန်းနှစ်သောင်း ခြောက်ထောင်ကျော်အထိ ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ