ရသေ့တောင်တွင် ကလေးငယ်တစ်ဦး လည်ပင်းလက်နက်ကြီးကျည်စထိမှန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တပ်မတော်ရေယာဉ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦး လည်ပင်းတွင် ကျည်စထိမှန်ခဲ့ကြောင်း မိသားစုဝင်များနှင့် ကျေးရွာသားများထံမှသိရသည်။

By နှင်းနွယ် 06 Oct 2020

ပုံစာ- လက်နက်ကြီးကျည်စ ထိမှန်သွားသည့် ပြင်ဝန်းကျေးရွာမှ ဦးမောင်စိုး (၉၃)နှစ်အား ဆေးကုသမှုလုပ်ဆောင်ရန် သယ်ဆောင်လာစဉ်။

နှင်းနွယ် | DMG
အောက်တိုဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တပ်မတော်ရေယာဉ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦး လည်ပင်းတွင် ကျည်စထိမှန်ခဲ့ကြောင်း မိသားစုဝင်များနှင့် ကျေးရွာသားများထံမှသိရသည်။

မေယုမြစ်အတွင်း သွားလာနေသည့် တပ်မတော်စစ်ရေယာဉ်မှ ယနေ့(အောက်တိုဘာလ ၆ ရက်) နံနက်ပိုင်း ၈ နာရီ အချိန်ခန့်ကစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကံပြင်ကျေးရွာနှင့် ပြင်ဝန်းကျေးရွာတို့တလျှောက် ပစ်ခတ်မှုကြောင့် အဆိုပါကလေးငယ်အပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ပြင်ဝန်းကျေးရွာမှ ဦးမောင်စိုး အသက်(၉၃)နှစ်တွင် ကျောကုန်းညာဖက်ခြမ်း၌ လက်နက်ကြီးထိမှန်ဒဏ်ရာ ရရှိသွားပြီး ၎င်း၏မြစ်ဖြစ်သူ မောင်မျိုးသန့်ဇင် အသက်(၈)နှစ်တွင် လည်ပင်းတွင် လက်နက်ကြီးကျည်စ ထိမှန်သွား ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျနော့်အဖိုးအိမ်နဲ့ ကျနော်တို့အိမ်က နောက်ဖေးချင်းကပ်ရပ်ပဲ။ လက်နက်ကြီးက ကျနော့်အဖိုးအိမ်ခေါင်မိုးကို ဖောက်ပြီးကျလာတဲ့အတွက် ကျနော့်အဖိုးက ဒဏ်ရာရသွားတယ်။ အဲဒီကနေတစ်ဆင့် လက်နက်ကြီးအစက ဗုံးခိုကျင်းထဲမှာပုန်းနေတဲ့ ကျနော့်တူလေးကိုသွားထိတာဖြစ်တယ် ဟု ဒဏ်ရာရရှိသူ ဦးမောင်စိုး၏မြေး ကိုစိန်ဌေးမောင်က DMG သို့ပြောသည်။

ထို့ပြင် ကံပြင်ကျေးရွာသားတစ်ဦးမှာလည်း နေအိမ်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ညာဘက်ခြေထောက်၌လက်နက်ကြီးကျည် ထိမှန်သွားကြောင်း ကံပြင်ကျေးရွာမှ ဒေသခံ ဦးအောင်စံလှက ပြောသည်။

“တပ်မတော်ရေယာဉ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ပြိန်းတောရွာဖက်ကနေ ကျနော်တို့ရွာဖက်ကို လာကျပြီးတော့ ဗုံးခိုကျင်းထဲမှာဝပ်နေတဲ့သူ့ကိုသွားထိတာ။ ခြေထောက်ကတော့ အပေါက်ဖြစ်ပြီး အကုန်လုံး ရောင်သွားတယ်။ ဒီဖက်မှာ တိုက်ပွဲဖြစ်တာတွေတော့မရှိဘူး။ တပ်မတော်ရေယာဉ်ကပဲ လှမ်းပစ်နေတာ” ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

လက်ရှိတွင် ဒဏ်ရာရရှိသူ ကလေးငယ်နှင့် သက်ကြီးရွယ်အိုတစ်ဦးမှာ စေတီပြင်ဆေးရုံ၌ ဆေးကုသမှု ခံယူ နေသော်လည်း ကံပြင်ကျေးရွာမှ ဦးအောင်သန်းစိန်မှာ ကျေးရွာ၌သာ ဆေးကုသနေကြောင်း ၎င်းက ဆက်ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ယမန်နေ့(အောက်တိုဘာလ ၅ ရက်)ကလည်း တပ်မတော်ရေယာဉ်မှ လက်နက်ငယ် များဖြင့်ပစ်ခတ်ခဲ့မှုကြောင့် စဖိုကျွန်းကံပြင်စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိသွားပြီး စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။

တပ်မတော်ရေယာဉ်မှ အကြောင်းမဲ့ပစ်ခတ်ခြင်းမဟုတ်ဘဲ ရေယာဉ်များပစ်ခတ်ခံရသည့်အတွက် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ပြန်လည်ခုခံပစ်ခတ်ရခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

“မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့် ဆိုတဲ့စကားက အလကားမဟုတ်ဘူး။ ဒါကြောင့် တပ်မတော်အနေနဲ့ ဒီရေယာဉ် တွေကို ပစ်ခတ်ခြင်းမရှိရင် ပစ်ခတ်စရာအကြောင်း မရှိဘူး” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ကြား အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်သွားလာနေသည့် တပ်မတော်စစ်ရေယာဉ်များအား AA အနေဖြင့် ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာတောင်ဖက်မှနေ၍ သုံးကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်မှုများရှိ၍ တပ်မတော်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ဗီဒီယိုများ