ချိန်ခါလီကျေးရွာအတွင်း ပစ်သတ်ခံခဲ့ရသည့် အမျိုးသားအလောင်းကို အိမ်သာကျင်းထဲမှ ရှာတွေ့

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း တပ်မတော်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့သည် ဆိုသော ကျေးရွာသား၏အလောင်းကို ယနေ့(ဇူလိုင်လ ၃၁ ရက်)တွင် နေအိမ်နောက်ဘက်ရှိ အိမ်သာကျင်းထဲ၌ တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

31 Jul 2020

ကျော်မျိုးအောင်၊ နှင်းနွယ် | DMG
ဇူလိုင် ၃၁ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း တပ်မတော်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့သည် ဆိုသော ကျေးရွာသား၏အလောင်းကို ယနေ့(ဇူလိုင်လ ၃၁ ရက်)တွင် နေအိမ်နောက်ဘက်ရှိ အိမ်သာကျင်းထဲ၌ တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ချိန်ခါလီကျေးရွာအနီးတွင် ဇူလိုင်လ ၁၃ ရက်နေ့က တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးကြရာတွင် ရွာသားအချို့မှာ ထွက်ပြေးခွင့်မရဘဲ ပိတ်မိနေခဲ့ကြသည်။

ထိုအချိန်တွင် ရွာအတွင်းသို့ ဝင်ရောက်လာသည့် တပ်မတော်သားအချို့က နေအိမ်၌ပုန်းခိုနေသည့် ဦးမောင်ထွန်းစိန် (၆၀)နှစ်အား နေအိမ်ရှေ့သို့ခေါ်ယူပြီး ရင်ဘတ်ကို သေနတ်ဖြင့်တည့်ကာ ပစ်သတ်ခဲ့သည်ဟု အတူပုန်းခိုနေသည့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦးတင်ညွန့်က DMG သို့ ပြောဆိုခဲ့သည်။

သို့သော် တပ်မတော်စစ်ကြောင်းက ချိန်ခါလီကျေးရွာအတွင်း ပစ်ခတ်မှုမရှိကြောင်းနှင့် အရပ်သားသေဆုံးမှုလည်းမရှိဟု တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ချိန်ခါလီကျေးရွာအတွင်း ပိတ်မိနေခဲ့သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတို့က သွားရောက်ကယ်ထုတ်ခဲ့ကြရာ ဦးမောင်ထွန်းစိန်၏ အလောင်းကို ရှာမတွေ့ခဲ့ကြပေ။

ရွာမှထွက်ပြေးနေကြသည့် ချိန်ခါလီကျေးရွာသားများမှာ ယခုရက်ပိုင်းအတွင်း ကျေးရွာသို့ပြန်လာပြီး နေထိုင်ခဲ့ကြရာ ပျောက်ဆုံးနေသည့် ဦးမောင်ထွန်းစိန်၏အလောင်းကို ၎င်း၏နေအိမ်အနောက်ဘက် အိမ်သာကျင်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျနော့်ယောက္ခမအိမ်နဲ့ ဘေးချင်းကပ်လျက်အိမ်မှာ လူနေထိုင်လို့ရှိတယ်။ အဲဒီအိမ်ကလူတွေက လေတိုက်ရင် အပုပ်နံ့ထွက်တယ်ဆိုပြီး သွားကြည့်တဲ့အခါ အလောင်းကိုတွေ့တာ။ ဒါကြောင့် ကျနော်တို့ဆီကို အကြောင်းကြားလာတဲ့အတွက် အလောင်းကိုလာကြည့်တာပါ” ဟု ဦးမောင်ထွန်းစိန်၏ သမက်ဖြစ်သူ ကိုမောင်ပုယေက ပြောသည်။

ယင်းသို့ ချိန်ခါလီကျေးရွာသားတစ်ဦး သေဆုံးလျက်တွေ့ရှိသည့်ကိစ္စအား အနီးရှိ နယ်ခြားစောင့်ရဲကင်းစခန်းများသို့ ဆက်သွယ်အကြေားကြားထားသော်လည်း လာရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

သေဆုံးသွားသည့် ဦးမောင်ထွန်းစိန်၏ရုပ်အလောင်းကို ယနေ့ညနေပိုင်းတွင် ကျေးရွာ၌ သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ