ရသေ့တောင်တွင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ၊အငူမော်ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေးရွာအကြားတွင် နွားကျောင်းနေသည့် လူငယ်တစ်ဦး ယနေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့)၊ မွန်းလွဲ (၁၂)နာရီကျော်က လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်။

By ဝင်းညွန့် 30 Nov 2019

ဝင်းညွန့် | DMG   
နိုဝင်ဘာ ၃၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ၊အငူမော်ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေးရွာအကြားတွင် နွားကျောင်းနေသည့် လူငယ်တစ်ဦး ယနေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့)၊ မွန်းလွဲ (၁၂)နာရီကျော်က လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်။

သေဆုံးသူမှာ အငူမော်ကုန်တန်းကျေးရွာမှ အသက် (၁၂)နှစ်အရွယ် မောင်ကျော်သက်ဦးဖြစ်သည်။ ယင်းလူငယ်သည် တောင်ကုန်းပေါ်တွင် နွားကျောင်းနေစဉ် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ကို ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားခြင်းဟု ဒေသခံ ဦးမောင်သာဦးက DMG ကိုပြောသည်။

 “ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်မှာ ကလေးနှစ်ဦးဟာ အငူမော် ကုန်းတန်းကျေးရွာကနေ တောင်ဦးနားကို နွားကျောင်းဖို့သွားတယ်။ အဲဒီနားမှာ မပေါက်သေးတဲ့ လက်နက်ကြီးတွေရှိတယ်။ အဲဒီလက်နက်ကြီး သူတို့ထုကြည့်တာက ပေါက်သွားတာ။ ကလေးနှစ်ဦးမှာ တစ်ဦးသေတယ်၊ တစ်ဦးကတော့ ဘာမှမဖြစ်သွားဘူး”ဟု ၎င်းက ဆိုသည်။

ယင်းလူငယ်မှာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် မျက်နှာနှင့်ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားပြီး သေဆုံးသွားခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာအနီးတို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့်လများက တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာက သတ္တမတန်း ကျောင်းသားတစ်ဦး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသို့ ဆီးသီး(ဇီးသီး)ကောက်စားရန် သွားစဉ် ဗုံးသီးတစ်လုံးကောက်ရ၍ အိမ်သို့ ယူဆောင်လာရာ ဗုံးသီးပေါက်ကွဲ၍ သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကာ မိုင်းပေါက်မှု၊ လက်နက်ကြီး ပေါက်ကွဲမှုတို့ကြောင့် ဒေသခံများ သေဆုံးမှုမှာလည်း တိုးလာနေသည်။

ဗီဒီယိုများ