ရခိုင်တိုက်ပွဲကြောင့် သေဆုံးသူအရပ်သား ၈၀ ကျော်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းတင်

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ နှစ်ဖက် တိုက်ပွဲများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့အရပ်သားပြည်သူ ၈၀ ကျော်အတွက် ဝမ်းနည်းကြောင်း အရေးကြီးအဆိုကို စက်တင်ဘာလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

By ခိုင်ရိုးလ 18 Sep 2019

တပ်မတော်၏ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရသည့် မြောက်ဦးဒေသခံတစ်ဦး ဇူလိုင်လ ၁ ရက်နေ့က စစ်တွေဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ နှစ်ဖက် တိုက်ပွဲများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့အရပ်သားပြည်သူ ၈၀ ကျော်အတွက် ဝမ်းနည်းကြောင်း အရေးကြီးအဆိုကို စက်တင်ဘာလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ထိုသို့ သေဆုံးခဲ့ရသူများအတွက် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းမှုရှိသဖြင့် ၎င်းအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင်ဖြစ်သည့် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“တိုက်ပွဲကြောင့် သေဆုံးသွားတယ်၊ လက်နက်ကြီးကျည်ကျပြီး သေဆုံးသွားတာတွေရှိတယ်။ အဲဒီသေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကြေကွဲဝမ်းနည်းမှုနဲ့ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်တူရှိတယ်ဆိုတာကိုပြတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများမှာ တဖြည်းဖြည်း မြင့်တက်လာနေသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရကြောင်းလည်း ဦးထွန်းအောင်သိန်းက ပြောသည်။

တပ်မတော်နှင့် အေအေတို့ တိုက်ပွဲများစတင်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အထိ သေဆုံးသူပေါင်း ၈၀ ကျော်ရှိကာ ဒဏ်ရာရရှိသူဦးရေ ၁၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း အဆိုတွင် ဖော်ပြထားသည်။

သေဆုံးသူဦးရေ ၈၀ ကျော်ထဲတွင် တိုက်ပွဲကြောင့်သေဆုံးသူ၊ လက်နက်ကြီးကျည်ထိမှန်သေဆုံးသူ၊ မြေမြုပ်မိုင်းထိမှန်သေဆုံးသူနှင့် စစ်ကြောရေးကာလအတွင်း သေဆုံးသူများလည်းပါဝင်ကြောင်း သိရသည်။

“ဖမ်းဆီးခံရတဲ့အချိန်ထဲမှာ သေဆုံးသွာတာရှိတယ်။ ဥပမာ လက္ကာလိုမျိုး။ အစုလိုက်အပြုံလိုက် သေဆုံးတာရှိတယ်။ စည်တောင်ဖြစ်စဉ်၊ ပန်းမြောင်းဖြစ်စဉ် အဲ့လိုသေဆုံးသွားတာရှိတယ်” ဟု ဦးထွန်းအောင်သိန်းက ဆိုသည်။

ဦးထွန်းအောင်သိန်းတင်သွင်းသည့် အရေးကြီးအဆိုကို ကန့်ကွက်သူမရှိသဖြင့် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုသည် ၉ လကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိလည်း တိုက်ပွဲများဆက်ဖြစ်နေဆဲဖြစ်သည်။

ဗီဒီယိုများ