ရခိုင်တွင် သတင်းရယူခွင့် ကန့်သတ်ထားခြင်းမရှိကြောင်း အစိုးရ၏ပြောဆိုမှုကို လွှတ်တော်အမတ်နှင့် သတင်း မီဒီယာများငြင်းပယ်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှန်များကို သတင်းရယူနိုင်ရေးအတွက် ကန့်သတ်ထားခြင်းမရှိဘဲ မီဒီယာများ၏လုံခြုံရေးအတွက် အဆိုပါနေရာများကို သွားလာနိုင်မည့်အခြေအနေ ရှိ၊ မရှိကိုသာ စိစစ်ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

21 Aug 2019

ခိုင်ရိုးလ၊ ဝင်းညွန့် | DMG
သြဂုတ် ၂၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှန်များကို သတင်းရယူနိုင်ရေးအတွက် ကန့်သတ်ထားခြင်းမရှိဘဲ မီဒီယာများ၏လုံခြုံရေးအတွက် အဆိုပါနေရာများကို သွားလာနိုင်မည့်အခြေအနေ ရှိ၊ မရှိကိုသာ စိစစ်ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်စဉ် သတင်းမှန်များအား နိုင်ငံတကာနှင့် ပြည်သူများသိရှိနိုင်ရန်အတွက် တရားဝင်သတင်း ဌာနများဖြစ်သည့် သတင်းစာ၊ ရေဒီယို၊ ရုပ်သံသတင်းဌာနနှင့် သတင်းစာရှင်းလင်းပွဲများမှ အတိအလင်းကြေငြာ ထုတ်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

သို့သော် လက်ရှိမြေပြင်အခြေအနေတွင် မီဒီယာများအား လွတ်လပ်စွာသတင်းယူခွင့်မရှိကြောင်း မောင်တော မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

“သူတို့က မီဒီယာတွေကိုလွတ်လပ်ခွင့်ပေးထားတယ်လို့ပြောတာ။ လက်ရှိမြေပြင်အခြေအနေမှာတော့ လွတ်လပ်စွာသွားလာခွင့်မရှိဘူး။ ပိတ်ဆို့ခံနေရတယ်။ ဒါတွေဟာ သတင်းအမှောင်ချခြင်းပဲလို ကျွန်တော် သုံးသပ်မိတယ်” ဟု ဦးမောင်အုန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲဖြစ်ပွားမှုရှိသည့် မြို့နယ်များတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုမှာ နှစ်လအထိရှိလာပြီး ထိုသို့အင်တာနက်လိုင်း ပိတ်ထားမှုကြောင့် သတင်းရရှိမှု ထိခိုက်လာကာ သတင်းမှားများလည်း ပိုမိုများပြားလာနေကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ဝဏ္ဏခွာညိုက ပြောသည်။

“အချို့နေရာတွေမှာ အင်တာနက် ပိတ်ထားတဲ့အတွက်ကြောင့် သတင်းတွေက အရမ်းကိုကြန့်ကြာမှု ဖြစ်စေတယ်။ အခုအခြေအနေမှာ သတင်းအမှားတွေ တက်လာတာရှိတယ်။ ဒီသတင်းမှားတွေကြောင့် ဆိုးကျိုးတွေဖြစ်စေတယ်။ အရင်ဆုံး သတင်းမှားတွေက မြန်နေပြီးတော့ သတင်းမှန်တွေက နောက်ကျမှ သိရတယ်။ ဒီအတွက်ကြောင့် ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုကို ပိုဖြစ်စေတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်မြေပြင်တွင် သတင်းအချက်အလက်များ တိကျစွာရရှိနိုင်ရေးမှာ အလွန်ခက်ခဲပြီး အသက်အန္တရာယ်ရှိသဖြင့် ၎င်းနေရာများအထိ သွားရောက်ရန် ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုကူညီပေးနိုင်ခြင်း မရှိသော်လည်း လုံခြုံစိတ်ချရသည့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်သတင်းယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်အောင်သူက ပြောသည်။

ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့ သတင်းမှန်ထုတ်ပြန်ရေးကော်မတီမှလည်း သတင်းမှန်များအား ထုတ်ပြန်ပေးခြင်း၊ သတင်းစာရှင်းလင်းပွဲ ဆောင်ရွက်ပေးခြင်းနှင့် လုံခြုံရေးအရ ခွင့်ပြုနိုင်သည့်ဒေသများသို့ ပြည်တွင်း၊ ပြည်ပ သတင်းသမားများ မြေပြင်တွင် သွားရောက်သတင်းယူနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းကပြောသည်။

ပြည်နယ်အစိုးရအဖွဲ့၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းများမှာ ဝန်ကြီးချုပ်သွားလာမှုများသာ ဖော်ပြ နေပြီး အခြားအရေးကြီးသောဖြစ်စဉ်များကိုဖော်ပြမှုမရှိသဖြင့် ထိုဖြစ်စဉ်များကိုလည်း မြန်မြန်ဆန်ဆန် တင်ပေးရန်လိုကြောင်း သတင်းထောက်ဝဏ္ဏခွာညိုက ထောက်ပြသည်။

“မနေ့က ရဲကားတွေ မိုင်းဆွဲခံရတယ်။ ဒီကိစ္စမှာ ပြည်နယ်အစိုးရအဖွဲ့ ကလည်းသတင်းတွေတက်မလာဘူး။ ရဲကိုလည်းဖုန်းဆက်လို့မရဘူး။ အမှန်က ပြည်နယ်အစိုးရအနေနဲ့ ဒီသတင်းတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်တင်ပေးဖို့လိုတာပေါ့။ အခုက ဝန်ကြီးချုပ် အလှူ ပေးတာတွေ၊ ဘောလုံးပွဲမှာဆုပေးတာတွေ။ ဒါတွေကျတော့ တက်လာတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း အရေးပေါ်ကာလများဖြစ်ပွားခဲ့သည့် ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ပြည်တွင်းမီဒီယာဦးရေ ၂၂၅ ဦးနှင့် ပြည်ပ မီဒီယာဦးရေ ၂၀၉ ဦးတို့ကို မောင်တောဒေသသို့ ၃၂ ကြိမ်ခန့် သတင်းရယူရန်စေလွှတ်ခဲ့ ကြောင်း အစိုးရမှထုတ်ပြန်ထားသည်။

ဗီဒီယိုများ