ရခိုင်တွင် တစ်ညအတွင်း လူသုံးဦး ရက်စက်စွာသတ်ဖြတ်ခံရ

အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင် အသက် ၃၉ နှစ်အား စက်တင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီအချိန်တွင် အမည်မသိလူ ၄ ဦးက နေအိမ်အတွင်းဝင်ရောက်လာကာ ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်သွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်ရီသန်းက ဆိုသည်။

By ခိုင်ရိုးလ 10 Sep 2019

ဦးခေါင်းပိုင်းဖြတ်ပြီး ရင်ဘတ်တွင်ဓားစိုက်ထားသော အလောင်းနှစ်လောင်းကို ကမ်းထောင်းကြီးမြို့မဈေးရှေ့တွင် တွေ့ရှိခဲ့ကြသည်။ / ဓာတ်ပုံ - Facebook

ခိုင်ရိုးလ | DMG
စက်တင်ဘာ ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် တစ်ညအတွင်း လူသုံးဦး ရက်စက်စွာသတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်။

အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင် အသက် ၃၉ နှစ်အား စက်တင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီအချိန်တွင် အမည်မသိလူ ၄ ဦးက နေအိမ်အတွင်းဝင်ရောက်လာကာ ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်သွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်ရီသန်းက ဆိုသည်။

“မနေ့ ည ၁၁ နာရီလောက်က အိပ်နေတဲ့အချိန်မှာ လူ ၄ ဦးက ဗြုန်းခနဲ အိမ်ထဲကိုဝင်လာပြီးတော့ ဓာတ်မီးထိုးပြီး ကျမယောက်ျားလည်ပင်းကို ဓားနဲ့ထိုးလိုက်တာ။ အချက်ပေါင်းများစွာ ထိုးလိုက်တာပါ။ အဲဒီမှာပဲ သေဆုံးသွားခဲ့ရတာပါ” ဟု ၎င်းကပြောသည်။

ထို့အပြင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင်လည်း ခေါင်းပိုင်းသတ်ဖြတ်ထားသည့် အလောင်းနှစ်လောင်းအား မြို့မဈေးကြီးအဝင်ဝတွင် ထားရှိခဲ့သဖြင့် ဒေသခံများက စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် တွေ့မြင်ခဲ့ရသည်။

“နှစ်ယောက်လုံးရဲ့ ရင်ဘတ်မှာ ဓားစိုက်ထားတယ်။ လည်ပင်းကို နှစ်ယောက်စလုံးကို ဖြတ်ထားတယ်။ လည်ပင်းကို ဖြတ်ပြီးတော့ ရင်ဘတ်မှာတင်ထားတယ် ” ဟု အမည်မဖော်လိုသည့် မျက်မြင်ဒေသခံံတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦး သေဆုံးသူများနှင့်ပတ်သက်ပြီး ကမ်းထောင်းကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူများကို ဆက်သွယ်ရာတွင် စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

ယင်းသို့ ဒေသခံများသေဆုံးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲမှူးကြီးကြည်လင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း ယခုကဲ့သို့ ရက်စက်စွာသတ်ဖြတ်ခံရမှုများကြောင့် ရခိုင်ဒေသခံများမှာ စိုးရိမ်မှုရှိနေကြပြီး ယခင်ကလည်း မြေပုံမြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက်ပြီး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ပေးသင့်ကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

“ကျေးလက်နေပြည်သူတွေရဲ့ လုံခြုံစိတ်ချရမှုဟာ အားနည်းနေတယ်။ မင်းမဲ့စရိုက်ဆန်ဆန် ကျေးရွာသားတွေ အသတ်ခံရတာဟာ ဘယ်သူ့ကို အားကိုးရမှန်းမသိဖြစ်နေတယ်။ အရင်တုန်းကလည်း သေနတ်နဲ့ အပစ်ခံရတာတွေကလည်း အမှုမှန်မပေါ်ဖြစ်နေတယ်။ အဲဒီအပေါ်မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိသူတွေက လုပ်ဆောင်သင့်တယ်” ဟု ဦးအောင်ဝင်းကပြောသည်။

ဗီဒီယိုများ