ရခိုင်တွင် အစိုးရကဆောက်လုပ်ပေးနေသည့် စစ်ဘေးရှောင်စခန်းများ ၃၅ ရာခိုင်နှုန်းသာ ပြီးစီးသေး

“ဒုက္ခသည်စခန်းတွေကို မိုးမကျမီဆောက်မယ်ဆိုပြီး အခုမိုးကုန်သွားမယ့် အခြေအနေရောက်နေပါတယ်။ ဒါကြောင့်သူတို့ရဲ့အကြောင်းပြန်ချက်ဟာ ခိုင်လုံတဲ့ အကြောင်းပြန်ကြားချက်မဟုတ်၊ အမှန်တကယ်အားဖြင့် ဆောင်ရွက်နိုင်တဲ့ အခြေအနေမှာမရှိဆိုပြီးတော့ သုံးသပ်လို့ရပါတယ်” ဟု ၎င်းကဆိုသည်။

By အောင်ထိန် 19 Aug 2019

 

အလှူရှင်များ၏အကူအညီဖြင့် နေအိမ်များကို ကိုယ်တိုင်ဆောက်လုပ်နေကြသော မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်များ

အောင်ထိန် | DMG

သြဂုတ် ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးဒုက္ခသည်များ အတွက် အစိုးရမှဆောက်လုပ်ပေးနေသော ဒုက္ခသည်စခန်းများမှာ လက်ရှိအချိန်ထိ ၃၅ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည့် စစ်ဘေးဒုက္ခသည်များအား မိုးမကျမီနေရပ်သို့ လုံခြုံအေးချမ်းစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် မိမိနေရပ်သို့မပြန်ရဲသည့် ဒုက္ခသည်များအတွက် တရားဝင်အသိအမှတ်ပြု ဒုက္ခသည်စခန်းများဖြစ်ပေါ်လာစေရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထိုသိုဖြေကြားထားခြင်းဖြစ်သည်။

စစ်ဘေးဒုက္ခသည်စခန်း ၇ ခုကို ကျပ် ၁၆၁၇ ဒသမ ၅၀၀ သန်း အကုန်ကျခံတည်ဆောက်နေပြီး Royal Kite ကုမ္ပဏီ၊ နေရောင်းထွန်းလင်းကုမ္ပဏီ၊ အောင်ချမ်းသာကုမ္ပဏီနှင့် ထိပ်တန်းနေလင်းကုမ္ပဏီတို့က တင်ဒါအောင်မြင်၍ ဇွန်လကစပြီး လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၃၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဖြေကြားထာသည်။

ထိုသို့ ၃၅ ရာခိုင်နှုန်းပြီးစီးနေပြီဆိုသော်လည်း အမှန်တကယ် အကောင်အထည်ဖော်ဆောင်မှုမှာ မတွေ့ရသေးကြောင်း အဆိုရှင်ဖြစ်သူ ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“ဒုက္ခသည်စခန်းတွေကို မိုးမကျမီဆောက်မယ်ဆိုပြီး အခုမိုးကုန်သွားမယ့် အခြေအနေရောက်နေပါတယ်။ ဒါကြောင့်သူတို့ရဲ့အကြောင်းပြန်ချက်ဟာ ခိုင်လုံတဲ့ အကြောင်းပြန်ကြားချက်မဟုတ်၊ အမှန်တကယ်အားဖြင့် ဆောင်ရွက်နိုင်တဲ့ အခြေအနေမှာမရှိဆိုပြီးတော့ သုံးသပ်လို့ရပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်မြို့နယ် ၆ ခုတွင် အစိုးရက တည်ဆောက်ပေးလျက်ရှိသည့် စစ်ဘေးဒုက္ခသည်စခန်း ၇ ခုမှာ ပုဏ္ဏားကျွန်းမြို့နယ်စက်မှုဇုန်၊ ရသေ့တောင်မြို့နယ် ရွာသစ်ကေ၊ သောင်းဒရား၊ မြောက်ဦးမြို့နယ် လေယာဉ်ကွင်း၊ မင်းပြားမြိုကနယ် နဒင်၊ ဘူးသီးတောင်မြို့နယ် မြောင်းနားကျေးရွာနှင့် ကျောက်တော်မြို့နယ် မြို့သစ်ရပ်ကွက်စုတို့တွင်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကျေးရွာများမှ ဒေသခံပြည်သူများမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ(ကမ်းထောင့်ကြီး)၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူနှင့် အမ်းမြို့နယ်များတွင် နေရာအနှံပြန့်ကြဲလျက်ရှိပြီး ဇူလိုင်လ ၂၈ ရက်နေ့အထိစာရင်းအရ စစ်ဘေးရှောင်စုရပ်ပေါင်း ၈၇ ခုတွင် အိမ်ထောင်စု ၆၃၀၀ ကျော်၊ လူဦးရေအားဖြင့် ၂၆၈၀၀ ကျော်ရှိကြောင်း အစိုးရကဆိုသည်။

“ကိုယ့်ဒေသမှာ ဒီလောက်ပြင်းထန်နေတဲ့အခြေအနေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေက သိန်းဂဏန်းနီးပါးလောက်ကို ကပ်နေတဲ့အချိန်အခါမှာ ရခိုင်ပြည်သူလူထုက တင်မြှောက်ထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ မွန်ပြည်နယ်မှာသွားပြီးတော့ အကူအညီပေးနေတာဟာ ရခိုင်ပြည်သူလူထုအတွက် အလွန်တရာမှ စိတ်ပျက်စရာဖြစ်တယ်လို့တော့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်စာရင်းများကို ကောက်ယူနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ သြဂုတ်လ ၁၉ ရက်နေ့ထုတ်ပြန်ချက်အရ စခန်းအတွင်းနှင့် စခန်းပြင်ပတွင်ရှိနေသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာ ၆၁၀၀၀ ကျော်ရှိသည်။

“စစ်ဘေးရှောင်စခန်းတွေမှာက စားနပ်ရိက္ခာလိုအပ်ချက် ပုံမှန်ရှိနေတယ်။ နောက်တစ်ခါ စစ်ဘေးသင့်နေကြသူတွေ စစ်ဘေးရှောင်စခန်းကို မရောက်ဘဲ ပိတ်မိနေတာရှိတယ်။ နောက်တစ်ခုက စစ်ဘေးရှောင်တွေက မိမိကျေးရွာမှာပဲ တိုက်ပွဲတွေကြောင့် လုပ်ကိုင်စားသောက်မှုတွေ ပျက်စီးပြီးတော့ ဒုက္ခရောက်နေသူတွေရှိတယ်။ အဲ့ဒီလူတွေအတွက် အဓိကလိုအပ်ချက်က လုံခြုံမှုပဲ။ သူတို့ဒေသမှာက တည်ငြိမ်အေးချမ်းမှုတွေ ပျက်စီးနေတယ်။ ဘယ်သူကမှ ကူညီပေးမှုအနေအထားမရှိဘူး” ဟု REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

စစ်ဘေးရှောင်အိမ်ထောင်စုတစ်စုအတွက် ၁၂၀ စတုရန်းပေကျယ်ဝန်းသည့် အခန်းတစ်ခန်းစီကို အိမ်ထောင်စု ၆၃၀၀ ကျော်အတွက် အစိုးရက ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး အစိုးရ၏ ထုတ်ပြန်ချက်ထဲတွင် စခန်းပြင်ပမှ စစ်ဘေးဒုက္ခသည်များကို ထည့်တွက်ထားခြင်းမရှိပေ။

စစ်ဘေးရှောင်တိမ်းနေရသူအများစုမှာ တောင်သူလယ်သမားများဖြစ်ကြပြီး ၎င်းတို့မှာ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်ကာ မိမိနေရပ်ရှိလယ်ယာများသို့ နေ့ချင်းပြန် သွားရောက်လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် အစိုးရက ဆောက်လုပ်ပေးနေသည့် စစ်ဘေးဒုက္ခသည်စခန်းများမှာ နေရပ်နှင့်အလှမ်းဝေးကွာနေသည့်အတွက် စစ်ဘေးဒုက္ခသည်အများစုမှာ အစိုးရချပေးသည့်နေရာတွင် နေထိုင်ရန် ငြင်းဆိုမှုများလည်းရှိနေသည်။

ဗီဒီယိုများ