ရခိုင်အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကိုးရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း လှူဒါန်းမည်

ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကိုးရီးယား သမ္မတနိုင်ငံမှ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့မှ တစ်ဆင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၃)သန်း လှူဒါန်းမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

11 Jun 2021

DMG ၊ ဇွန် ၁၁

ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကိုးရီးယား သမ္မတနိုင်ငံမှ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့မှ တစ်ဆင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၃)သန်း လှူဒါန်းမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

အဆိုပါလှူဒါန်းမှုသည် ၂၀၂၁ ခုနှစ်တစ်လျှောက်တွင် မြန်မာနိုင်ငံအတွင်း အကူအညီအထူးလိုအပ်လျက်ရှိသည့် နေရာဒေသများ၌ UNHCR နှင့် WFP တို့ ဆောင်ရွက်ကြမည့် အထောက်အပံ့လုပ်ငန်းများကို ပံ့ပိုးပေးမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။

UNHCR အနေဖြင့် ရခိုင်ပြည်မှ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများ မိုးရာသီကာလ အတွင်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အခြေအနေများမှ ကာကွယ်ပေးနိုင်ရန်အတွက် နေအိမ်အမိုးအကာများအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“နေအိမ်အမိုးအကာနှင့် ရပ်ရွာလူထု၏ ခံနိုင်ရည်ရှိမှုအတွက် ဆောင်ရွက်ပေးသည့်လုပ်ငန်းများမှတဆင့် ရခိုင်ပြည်ရှိ နေရပ်စွန့်ခွာပြည်သူပေါင်း ၁၂၄,၀၀၀ အတွက် အကျိုးကျေးဇူးရရှိစေမယ်လို့ မျှော်လင့်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ကတည်း ကိုးရီးယားနိုင်ငံမှလှူဒါန်းမှုဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အနွမ်းပါးဆုံးနှင့် ထိခိုက်အလွယ်ဆုံးသောမြို့နယ်များတွင် မြင့်တက်လာနေသည့် အငတ်ဘေးကိုဖြေရှင်းရန် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ကိုးရီးယားနိုင်ငံမှလှူဒါန်းမှုဖြင့် WFP မှ ရခိုင်ပြည်ရှိ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည့် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာခဲ့ရသည့် ထိခိုက်လွယ်သူများနှင့် မွတ်ဆလင်လူမှုအသိုက်အဝန်းများ အပါအဝင် လူဦးရေ ၃၅,၀၀၀ ကျော်အား ကူညီထောက်ပံ့ပေးမည်ဟုလည်း ဆိုသည်။

ယခုလှူဒါန်းမှုမှာ ရခိုင်ပြည် အလယ်ပိုင်းနှင့်မြောက်ပိုင်းရှိ လူဦးရေ ၃၂၀,၀၀၀ အတွက် WFP က လစဉ် ပေးအပ်နေသည့် အသက်ကယ်ဆယ်ရေးစားနပ်ရိက္ခာ (သို့မဟုတ်) ငွေသားအထောက်အပံ့များကို ထပ်မံ အားဖြည့်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မေလနောက်ဆုံးပတ်ကတိုက်ခတ်ခဲ့သည့် လေပြင်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင် အိမ်ခြေ ၂၀၀ ခန့်မှာ ပျက်စီးမှုများရှိခဲ့ပြီး ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေကြသည်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးညီပုက “ပြိုသွားတဲ့အိမ်ပိုင်ရှင်တွေကတော့ သူတို့နိုင်သလောက် လုပ်ပြီးနေကြတယ်။ မိုးဒဏ်၊ လေဒဏ်ခံနိုင်အောင် မလုပ်ဘူးဆိုရင်တော့ နေလို့ရမှာမဟုတ်ဘူး။ အဓိက အလှူရှင်တွေကို စောင့်နေရတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်တွင် မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေး လာကြသူများမှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေစုစုပေါင်း တစ်သိန်းကျော် ရှိနေသေးသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ