ရခိုင်အရေးနှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားများအား မှန်ကန်သည့် ဥပဒေ အကာအကွယ်ပေးရန် ANP တောင်းဆို

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနှံ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည့် တက္ကသိုလ် ကျောင်းသားများအား မှန်ကန်ညီညွတ်သောဥပဒေအကာအကွယ်ပေးရန် စက်တင်ဘာလ ၁၆ ရက်နေ့က ရခိုင်အမျိုးသားပါတီ (ANP)က တောင်းဆိုလိုက်သည်။

16 Sep 2020

ခင်သရဖီဦး | DMG
စက်တင်ဘာလ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနှံ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည့် တက္ကသိုလ် ကျောင်းသားများအား မှန်ကန်ညီညွတ်သောဥပဒေအကာအကွယ်ပေးရန် စက်တင်ဘာလ ၁၆ ရက်နေ့က ရခိုင်အမျိုးသားပါတီ (ANP)က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်သူများအတွက် မှန်ကန်သောတောင်းဆိုမှုကိုပြုလုပ်သည့် ကျောင်းသားများကို ယခုကဲ့သို့ တရားစွဲဆိုခြင်းမှာ မျှတသည့်တရားစွဲဆိုမှု မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကပြောသည်။

“ကျောင်းသားတွေက ပြည်သူတွေ အတိဒုက္ခရောက်နေတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့် မှန်ကန်တဲ့ တောင်းဆိုမှုကို ပြုလုပ်တယ်လို့ပဲမြင်တယ်။ မှန်ကန်တဲ့ထိခိုက်နစ်နာချက်တွေကို တောင်းဆိုမှုပြုလုပ်တဲ့ ကျောင်းသားတွေဖြစ်တဲ့အတွက်ကြောင့် သဘာဝဘေးအန္တာရာယ်နဲ့ပတ်သတ်တဲ့ပုဒ်မတွေနဲ့ တရားစွဲတာတွေက မျှတတဲ့ တရားစွဲဆိုမှုမဟုတ်ဘူး” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ တက္ကသိုလ်ကျောင်းသားများအား ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မူမရှိခဲ့ခြင်းကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ANP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ရေးပဋိပက္ခများရပ်တန့်ကြရန် ကမ္ဘာကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ တိုက်တွန်းတောင်းဆိုခဲ့သော်လည်း ရခိုင်ပြည်နယ်၌ အပြစ်မဲ့အရပ်သား ပြည်သူများ နေ့စဉ်ရက်ဆက် အသက်အိုးအိမ် ဆုံးရှုံးနေရသည့်အတွက် နိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးကို လျင်မြန်စွာ ပါဝင်ပူးပေါင်းအဖြေရှာကြရန်လည်း ရခိုင်အမျိုးသားပါတီက တိုက်တွန်းထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှုနှင့် ထုတ်ပြန်သည့် နိုင်ငံများ၏ပူးတွဲကြေငြာ ချက်ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝဒေသတွင်ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အရပ်သားများ၏ လူ့ဂုဏ်သိက္ခာကျဆင်းနေရမှု၊ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရှိမှု၊ အသက်ဆုံးရှုံးမှု၊ နိုင်ငံသား တစ်ယောက်၏ ရသင့်ရထိုက်သည့် အခွင့်အရေးဆုံးရှုံးများနှင့် လူသားချင်စာနာထောက်ထားသည့် အကူအညီများကို အလေးထားစဉ်းစားပေးခြင်းအတွက်လည်း လှိုက်လှဲစွာကြိုဆိုကြောင်း ANP က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ