ရခိုင်အကျပ်အတည်း ကိစ္စရပ်များကို တပ်မတော်အစိုးရနှင့် ဆပ်စပ်ဆောင်ရွက်သွားမည်ဟု ANP ပါတီက ရခိုင်ပြည်သူများသို့ အစီရင်ခံ

ပြည်ထောင်စုအတွင်းမှ သီးခြားဆန်သော ရခိုင်အကျပ်အတည်း ကိစ္စရပ်များအပါအဝင် အခြားသော ရခိုင်အမျိုးသားအကျိုးစီးပွားများအတွက် ရခိုင်အမျိုးသားပါတီ(ANP)၏ ကိုယ်စားပြုမှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် လက်ရှိတပ်မတော်အစိုးရနှင့် လိုအပ်သလို ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်သူများသို့ အစီရင်ခံတင်ပြသည့်စာကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

05 Feb 2021

DMG | ဖေဖော်ဝါရီ ၅

ပြည်ထောင်စုအတွင်းမှ သီးခြားဆန်သော ရခိုင်အကျပ်အတည်း ကိစ္စရပ်များအပါအဝင် အခြားသော ရခိုင်အမျိုးသားအကျိုးစီးပွားများအတွက် ရခိုင်အမျိုးသားပါတီ(ANP)၏ ကိုယ်စားပြုမှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် လက်ရှိတပ်မတော်အစိုးရနှင့် လိုအပ်သလို ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်သူများသို့ အစီရင်ခံတင်ပြသည့်စာကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် တပ်မတော်မှဖမ်းဆီးထားသည့် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် (ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ) ဦးစံကျော်လှအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက တပ်မတော်မှ အာဏာသိမ်းစဉ် ဦးစံကျော်လှအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး ယနေ့(ဖေဖေါ်ဝါရီလ ၅ ရက်)နေ့ နံနက်ပိုင်းက ဦးစံကျော်လှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

“အိမ်ကို ၉ နာရီလောက်ရောက်တယ်။ တစ်ခုအကြောင်းအရာမှ မေးမြန်းတာမရှိပါဘူး။ ဖမ်းတယ်လို့သာ ပြောတာပါ၊ ဘယ်လိုပြောရမလဲဆိုတော့ မေးမြန်းခြင်းလည်းမရှိဘူး၊ လွှတ်မယ့်အချိန်ကျလည်း နံနက် ၈ နာရီကျော်လောက်မှာ တိုင်းမှူးရောက်လာတယ်၊ ဆိုတော့သူတို့ဆီက ကားနဲ့ပြန်ပို့လိုက်တယ်”ဟု ဦးစံကျော်လှက ပြောသည်။

ANP ၏ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်လွှတ်တော်၌ ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရေးကိစ္စအပါအဝင် အောင်မြင်ပြီးသောအဆိုများကို ဆက်လက်အကောင်အထည်ဖော်ပေးရေး၊ ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား အကြွင်းမဲ့ လွှတ်ပေးရေး၊ အကြမ်းဖက်ဥပဒေအရ ဖမ်းဆီးတရားစွဲဆိုခံရပြီးသူများ ပြန်လည်လွတ်မြောက်ရေး၊ စစ်ဘေးရှောင်ရခိုင်ပြည်သူများ နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိရေးနှင့် နေသားတကျ ဘဝပြန်လည်ထူထောင်နိုင်ရေး စသည့် ပြည်ထောင်စုအတွင်းမှ သီးခြားဆန်သော ရခိုင်အကျပ်အတည်း ကိစ္စရပ်များကိုလည်း တပ်မတော်အစိုးရနှင့် ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကြေညာချက်အမှတ်(၁/၂၀၂၁)တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေးရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ရွေးကောက်ပွဲပြန်လည်ကျင်းပပြီးစီးသည်အထိဆိုလျှင် ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ပြည်သူတို့မှာ နိုင်ငံရေးကြားကာလ အကျပ်အတည်းတစ်ခုကို မလွဲမသွေ ရင်ဆိုင်ကြရမည်ဖြစ်ကြောင်းလည်း ANP က ထုတ်ပြန်ထားသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စုစုပေါင်း ၁၅ နေရာ အနိုင်ရရှိထားသော ပါတီလည်းဖြစ်သည်။

လက်ရှိတပ်မတော်အစိုးရမှ ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ရခိုင်အမျိုးသားပါတီ(ANP)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်မှာ အဖွဲ့ဝင်အနေဖြင့် ပါဝင်လာသည်။

ဗီဒီယိုများ