ကျန်းမာရေးဝန်ထမ်းများ မလိုအပ်ဘဲ အင်တာဗျူးခြင်းမပြုလုပ်ရန် ရခိုင်စစ်ကောင်စီညွှန်ကြား

ရခိုင်ပြည်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြား အမုန်းတရားများ မဖြစ်ပေါ်စေရေး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မလိုအပ်ဘဲ အင်တာဗျူးခြင်းမလုပ်ကြရန် ရခိုင်စစ်ကောင်စီမှ  ဇူလိုင်လ ၂၂ ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

23 Jul 2021

ဇူလိုင်လ ၂၁ ရက်နေ့က ရခိုင်စစ်ကောင်စီနှင့် စစ်တွေပြည်သူ့ဆေးရုံက သူနာပြုများ တွေ့ဆုံကြစဉ်။ ဓါတ်ပုံ - U San Mrat Shwe

DMG ၊ ဇူလိုင် ၂၃

ရခိုင်ပြည်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြား အမုန်းတရားများ မဖြစ်ပေါ်စေရေး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မလိုအပ်ဘဲ အင်တာဗျူးခြင်းမလုပ်ကြရန် ရခိုင်စစ်ကောင်စီမှ  ဇူလိုင်လ ၂၂ ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

ယခုအချိန်မှာ တဖက်နှင့်တဖက် အမုန်းပွားနေရမည့် အချိန်မဟုတ်ဘဲ အရေးကြီးသည့် လုပ်ဆောင်မှုများကို လုပ်နေကြရသည့် အချိန်ဖြစ်သည့်အတွက် မလိုအပ်ဘဲ အင်တာဗျူးမလုပ်ရန် ညွှန်ကြားထားခြင်းဖြစ်သော်လည်း လိုအပ်လျှင် တာဝန်ရှိသူများကို မီဒီယာများအနေဖြင့် အင်တာဗျူးနိုင်ကြောင်း ရခိုင်စစ်ကောင်စီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

“စာထဲမှာပါတဲ့ အတိုင်းပဲ၊ မလိုအပ်ဘဲ မလုပ်ဖို့ပေါ့၊ လိုအပ်ရင်တော့ လုပ်ရမှာပါ၊ ဟိုတလောတုန်းက အပြန်အလှန်ဖြစ်ကြတယ်မလား၊ တဖက်နဲ့ တဖက် အမုန်းတရားဖြစ်တာပေါ့၊ ခံစားချက်တွေ ရှေ့တန်းတင်ပြီးတော့ အင်တာဗျူးလုပ်ကြတယ်။ တဖက်နဲ့တဖက် အငြင်းပွားပြီးတော့ ဘာလုပ်တယ် ညာလုပ်တယ်ဆိုတော့ အခုက အဲဒါတွေကို လုပ်ရမယ့် အချိန်မဟုတ်ဘူးလေ၊ အခုက အရေးကြီးတဲ့ အလုပ်တွေကို လုပ်ရမယ့်အချိန်ဖြစ်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် သူနာပြုများအပေါ် ခြိမ်းခြောက်မှု ဗီဒီယို၊ ပြစ်တင်ဝေဖန်သည့် ရေးသားမှုများ ပေါ်ထွက်လာပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့က သူနာပြု ၁၀ ဦးကျော် အလုပ်မဆင်းမှုများရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်စစ်ကောင်စီမှ တာဝန်ရှိသူများ သွားရောက်ညှိနှိုင်းကာ စစ်တွေဆေးရုံမှ သူနာပြုများလုံခြုံရေးနှင့် ပြဿနာများဆက်လက်ဖြစ်ပွားစေရေးအတွက် ရဲဝန်ထမ်း ၁၀ ဦးကို ယင်းနေ့ ညနေပိုင်းတွင် စေလွှတ်ကာ ထားရှိပေးထားကြောင်း ရခိုင်စစ်ကောင်စီထံမှ သိရသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံးများတွင်လည်း video ၊ ဓာတ်ပုံရိုက်ကူးမှုများ မပြုလုပ်စေရေးအတွက် သတိပေးစာတမ်းများ အခန်းအတွင်းအပြင်၌ မြင်သာအောင် ကပ်ထားရန်လည်း စစ်ကောင်စီက ညွှန်ကြားထားသည်။

“အရင်ကလည်း ကပ်ထားတယ်၊ ကပ်ထားတာက တခါတခါ ကျနော်တို့ တောင်မမြင်ဘူး၊ မမြင်လို့လည်း လူနာစောင့်တွေက ဟိုရိုက် ဒီရိုက်ဖြစ်တယ်လေ၊ အဲဒါကြောင့်  သိအောင်လို့ ကပ်ပေးပေါ့၊ လူတွေလည်း မြင်ဖို့လိုတယ်” ဟု ဦးလှသိန်းက ပြောသည်။

အထက်ပါ ညွှန်ကြားချက်များသည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ရခိုင်စစ်ကောင်စီဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့  ရခိုင်စစ်ကောင်စီ ဥက္ကဌ ရုံး၌ တွေ့ဆုံအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။  

ဆက်လက်ပြီး သူနာပြုများကို လူမှုကွန်ရက်စာမျက်နှာများမှ ခြိမ်းခြောက်မှုများရှိသည်ဟု တင်ပြလာ၍ ထိုသူတို့ကို ရှာဖွေဖော်ထုတ်ကာ တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဟု သူနာပြုများနှင့်စစ်ကောင်စီတို့ တွေ့ဆုံစဉ် ရခိုင်စစ်ကောင်စီဘက်မှ တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။

ဗီဒီယိုများ