မြောက်ဦးက အောက်ဆီဂျင် စစ်ကောင်စီထိန်းချုပ်ခွင့် နန်းရိပ်ကရုဏာ မစဉ်းစားရသေး

မြောက်ဦးမြို့တွင် နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ ထုတ်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံမှ အောင်ဆီဂျင်များကို ရခိုင်ပြည်နယ်စစ်ကောင်စီမှ ထိန်းချုပ်ခွင့် တောင်းဆိုမှုကို နန်းရိပ်ကရုဏာအနေဖြင့် တရားဝင် မသိသေးသလို မစဉ်းစားရသေးကြောင်း နန်းရိပ်ကရုဏာအဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

22 Jul 2021

မြောက်ဦးတွင် နန်းရိပ်ကရုဏာမှ အောက်ဆီဂျင်များထုတ်လုပ်နေပုံ။ ဓါတ်ပုံ - နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့

DMG ၊ ဇူလိုင် ၂၂

မြောက်ဦးမြို့တွင် နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ ထုတ်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံမှ အောင်ဆီဂျင်များကို ရခိုင်ပြည်နယ်စစ်ကောင်စီမှ ထိန်းချုပ်ခွင့် တောင်းဆိုမှုကို နန်းရိပ်ကရုဏာအနေဖြင့် တရားဝင် မသိသေးသလို မစဉ်းစားရသေးကြောင်း နန်းရိပ်ကရုဏာအဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ်စစ်ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်ဟု ဆိုကာ မြောက်ဦးမြို့အောက်ဆီဂျင်စက်မှထွက်ရှိသည့် အောက်ဆီဂျင်များကို ပြည်နယ်မှ ချမှတ်သည့် မူဝါဒအတိုင်း ကိုဗစ်ကုသရေးပြည်သူ့ဆေးရုံများသို့သာ ဖြန့်ဖြူးရန်ဟု ရခိုင်စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းမှ သူ့၏ ပြန်ကြားရေးစာမျက်နှာက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြည်သူအချို့က မြောက်ဦးက အောက်ဆီဂျင်များကို စစ်ကောင်စီထိန်းချုပ်နေပြီလားဆိုသည့် ပြစ်တင်ဝေဖန်မှုများကို တွေ့နေရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အခက်အခဲအမျိုးမျိုးကြားထဲက ကြိုးစားတည်ဆောက်ထားသည့် မြောက်ဦးအောက်ဆီဂျင်စက်ရုံ တည်ဆောက်သူ နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ကို မေးမြန်းရာ ဥက္ကဌ ဦးမောင်ဝင်းရွှေက ယခုလိုပြောသည်။

“ အဲဒီထုတ်ပြန်ချက်ကို ကျနော်တို့ အခုမှပဲ သိရတယ်။ ဒီမှာ အောက်ဆီဂျင်ရဖို့ တစ်ရက်လုံး မနားဘဲ အလုပ်လုပ်နေကြတာ၊ ဒီလောက် အလုပ်များနေတာ အင်တာနက်လည်း မသုံးဖြစ်ဘူး။ ရခိုင်စစ်ကောင်စီ တောင်းဆိုချက်ကို ဆုံးလည်း မဆုံးဖြတ်ရသေးဘူး။ စဉ်းလည်း မစဉ်းစားရသေးဘူး။ ကျနော်တို့ကတော့ အောက်ဆီဂျင်လိုတဲ့နေရာတွေကို ထုတ်ပေးနေတာပဲ။ ” ဟု ပြောသည်။

နန်းရိပ်ကရုဏာအနေဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ဖို့ ရည်ရွယ်ကြိုးပမ်းခဲ့သည်မှာ အောက်ဆီဂျင်လိုသည့် မည်သည့်နေရာမဆို၊ ဘာသာလူမျိုးမခြားဘဲ ဖြန့်ဖြူးရေးကို ရည်ရွယ်ခဲ့ကြောင်း၊ နန်းရိပ်ကရုဏာကပဲ ထိန်းချုပ်ကာ အောင်ဆီဂျင်လိုသည့်နေရာများသို့ ကူညီပေးရန် ရည်ရွယ်ချက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီမှ မြောက်ဦးက အောက်ဆီဂျင်များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုကို အသေးစိတ်သိရှိနိုင်ရန် သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းကို DMG သတင်းထောက်မှ ညနေ ၈ နာရီခန့်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းဝင်၍ ဖုန်းမကိုင်ခဲ့ပေ။

မြောက်ဦးတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးခါမှ အောက်ဆီဂျင်များကို ထိန်းချုပ်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်စစ်ကောင်စီမှ ကျပ်သိန်း ၁၀၀ ထောက်ပံ့မည်ဟု ပြောဆိုလာမှုကို နန်းရိပ်ကရုဏာအနေဖြင့် လက်ခံခဲ့ခြင်းမရှိသည့်အပြင် ယင်းငွေများကို အခြားမြို့နယ်များသို့ ထောက်ပံ့ရန် စစ်ကောင်စီအား အကြံပြုခဲ့ကြောင်း သိရသည်။

တစ်ရက်ကို အလုံး ၄၀ ထုတ်လုပ်နိုင်ကြောင်း၊ ယခုကာလတွင် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပြီး နောက်နောင်တွင် အခြားအဖွဲ့အစည်းများဖြင့် တိုင်ပင်ကာ တစ်ဗူးကို ငါးထောင်ကျပ် လောက်နန့် ရောင်းနိုင်ရန် စီစဉ်ထားကြောင်း နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်အတွင်း မြို့နယ်တိုင်းလိုလိုတွင် အောက်ဆီဂျင်စက်ရုံများတည်ဆောက်နိုင်ရန် ဒေသခံ ပြည်သူများမှ ကြိုးပမ်းဆောင်ရွက်နေကြကြောင်း သိရသည်။

ဗီဒီယိုများ