စစ်ကောင်စီမှ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်မှုအပေါ် တိုင်းရင်းသားလက်နက်အဖွဲ့အချို့ မဆုံးဖြတ်ရသေး

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်နှင့်ပတ်သက်၍ တက်၊မတက်ကို အတိအကျမဆုံးဖြတ်ရသေးဘဲ ဆွေးနွေးနေဆဲသာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က ပြောဆိုကြသည်။

10 Feb 2022

Photo - Reuters

DMG ၊ ဖေဖော်ဝါရီလ ၁၀

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်နှင့်ပတ်သက်၍ တက်၊မတက်ကို အတိအကျမဆုံးဖြတ်ရသေးဘဲ ဆွေးနွေးနေဆဲသာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က ပြောဆိုကြသည်။

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)ကြိမ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့တွင် ထာဝရငြိမ်းချမ်းရေးအကြိုဆွေးနွေးရန် စစ်ကောင်စီမှ ဖေဖော်ဝါရီလ(၆)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဖိတ်ခေါ်ထားသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများပါ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် စစ်ကောင်စီက ဖိတ်ခေါ်ထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်ကန့်သက်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန်ရည်ရွယ်ထားကြောင်း စစ်ကောင်စီကပြောထားသည်။

ယင်းသို့ဖိတ်ခေါ်မှုအား တက်ရောက်မည်၊ မတက်ရောက်ကို ဗဟိုကော်မတီ၏ဆုံးဖြတ်ချက် မသိရသေးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက DMG သို့ပြောသည်။

“ကျွန်တော်တို့ KIO ဗဟိုကော်မတီရဲ့ သဘောထားမှတ်ချက်တွေမချသေးပါ။ ညနေပိုင်းလောက်အဖြေထွက်မယ်ထင်တယ်။ လောလောဆယ်တော့ ကျွန်တော်တို့ကို ဘာမှညွှန်ကြားတာမရှိသေးဘူးခင်ဗျာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များကြားမှာလည်း တိုင်ပင်ဆွေးနွေးမှုမပြုလုပ်ရသေးသည့်အတွက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းချက်အပေါ် တက်၊ မတက်မဆုံးဖြတ်ရသေးဟု ရက္ခိုင့်တပ်တော်(AA)က ပြောဆိုထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း စစ်ကောင်စီမှဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်၊မတက်ကို လက်ရှိတွင်ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့တက်ရောက်မည့်ကိစ္စကို တိုင်းရင်းသားခေါင်းဆောင်များအကြား အချင်းချင်းညှိနှိုင်းတိုင်ပင်နေဆဲဖြစ်သည်ဟု
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုကော်မတီအဖွဲ့ဝင် စောမြရာဇာလင်းကပြောသည်။

“NCA စာချုပ်ဟာတည်မြဲနေဆဲဖြစ်တယ်။ NCA စာချုပ်ကို NCA စာချုပ်ပိုင်ရှင်တွေဖြစ်တဲ့ အပစ်ရပ်စဲထားတဲ့ ၁၀ ဖွဲ့အပြင် နိုင်ငံတော်အာဏာကို ဘယ်နည်းနဲ့ဖြစ်ဖြစ်ချုပ်ကိုင်နိုင်ပါစေ ဒီပုဂ္ဂိုလ်တွေနဲ့စကားပြောရမယ့်အပိုင်းတွေရှိသလို ပြည်သူတင်မြှောက်ထားတဲ့ အစိုးရလက်ထပ်မှာလည်းပဲ NCA စာချုပ်ကို စကားပြောလာကြတာရှိတဲ့အတွက် ဒီစာချုပ်ဟာ တည်မြဲနေဆဲဖြစ်တယ်။ နောက်ထပ်လည်း ဘယ်အစိုးရပဲဖြစ်လာဖြစ်လာ NCA နဲ့ပတ်သက်လို့ စကားပြောရအုံးမယ်လို့လက်ခံထားတယ်”ဟု စောမြရာဇာလင်းကပြောသည်။

အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် စစ်ကောင်စီမှဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်းပြောသည်။

“ကျွန်တော်တို့သဘောထားကတော့ ရှင်းပါတယ်။ ကျွန်တော်တို့မသွားပါဘူး”ဟု KNU ဗဟို နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက DMG သို့ပြောသည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းခြင်းမှာ တိုင်းရင်းသားလက်နက်များ၏အသံကို ကြားလိုသည့်အတွက်ဖြစ်နိုင်သည်ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းကသုံးသပ်သည်။

“ငြိမ်းချမ်းရေးဖိတ်ခေါ်တာကတော့ လက်ရှိတိုင်းပြည်ရဲ့အာဏာကိုယူထားတဲ့ စစ်ကောင်စီအနေနဲ့ ဖိတ်ခေါ်တယ်ဆိုတာ သူတို့ဖက်က ဘာတွေချပြမလဲ၊ ငြိမ်းချမ်းရေးအတွက် ဘယ်လိုလုပ်ဆောင်သွားကြမလဲဆိုတဲ့ပုံစံမျိုး ဒီဖက်ကအသံတွေကိုကြားချင်လို့ အဲလိုဖိတ်ခေါ်တာဖြစ်နိုင်တယ်”ဟု ဦးဖေသန်းကဆိုသည်။
ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းမှာ အပြုသဘောဆောင်ပြီး ထိုဆွေးနွေးမှုမှ အဖြေတစ်ခုရရှိပြီး ဆွေးနွေးပွဲလမ်းကြောင်းသို့ရောက်နိုင်သည်ဟု ၎င်းကရှုမြင်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖက်ဒရယ်နှင့်ပတ်သက်ပြီး မည်သို့အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့်သဟဇာတဖြစ်မည့် စနစ်မျိုးကိုရွေးချယ်ဆောင်ရွက်ရန်လိုသဖြင့် အာဏာသုံးရပ်ကိုခွဲဝေကျင့်သုံးခြင်းနှင့် ထိုသို့ဆောင်ရွက်ရာ၌ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်များကြား ဥပဒေအရအာဏာခွဲဝေဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမည်ဟု အာဏာသိမ်းမှု ၁ နှစ်ပြည်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြောကြားထားသည်။

စစ်ကောင်စီမှ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ပြီး မြေပြင်မှာတိုက်ပွဲဖြစ်ပွားနေခြင်းက အပြောနှင့်အလုပ်မညီဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။

“တစ်ဖက်မှာ စစ်ကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ လက်တွေ့မြေပြင်မှာကျတော့ တိုက်ပွဲဖြစ်နေပြီးတော့။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်လိုနေရာမှာတောင်မှ ထိုးစစ်တွေလာလုပ်နေတယ်ဆိုတာက အပြောနဲ့အလုပ် မညီဘူးလို့ပြောလို့ရတယ်။ ဆိုတော့ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးကို အမျာကြီးအတားအဆီးတွေဖြစ်နိုင်တယ်”ဟု ၎င်းကပြောသည်။

တိုင်းရင်းသားလက်နက်အဖွဲ့များထဲမှ KNU ၊ RCSS ၊ KNLA-PC ၊ DKBA ၊ PNLO ၊ ABSDF ၊ ALP ၊ CNF ၊ NMSP နှင့် LDU စသည့်(၁၀)ဖွဲ့မှာ NCA လက်မှတ်ရေးထိုးထားသည်။ နောက်ထပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KNPP၊ KIA၊ UWSA၊ MNDAA၊ NDAA၊ AA၊ TNLA နှင့် SSPP စသည့် လက်နက်ကိုင်အဖွဲ့များမှာ NCA မထိုးထားပါ။

ဗီဒီယိုများ