စစ်ကောင်စီကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာညိုးနွမ်းပြီးမျက်နှာငယ်နေရဟု PPST ပြော

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာညိုးနွမ်းပြီး မျက်နှာငယ်ရသည့်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ မတ်လ ၂၇ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ပြောကြားလိုက်သည်။

27 May 2021

ဓါတ်ပုံ - Reuters

DMG ၊ မေ ၂၇

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာညိုးနွမ်းပြီး မျက်နှာငယ်ရသည့်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ မတ်လ ၂၇ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ပြောကြားလိုက်သည်။

ယခု မေလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ နှစ်ရက်တာ ဗီဒီယိုကွန်းဖရင့်စ်ဖြင့် ပြုလုပ်နေသည့် PPST ၏ ဆွေနွေး ညှိနှိုင်းမှုအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ကြီးယွက်စစ်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို အကြမ်းဖက်နည်းလမ်းနဲ့ ဖြေရှင်းတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်စေနိုင်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ကြီးယွက်စစ်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းသည့်အချိန်မှစ၍ မေလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၁၁၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၈၂၈ ဦးနှင့် ဖမ်းဆီးခံထားရသူ ၅၄၄၁ ဦးထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားသည်။

ထိုလုပ်ရပ်ကိုကြည့်မည်ဆိုပါက နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်တန့်ရန်ဆိုသောအချက်ကို စစ်ကောင်စီက မထီမဲ့မြင့်မျက်ကွယ်ပြုခြင်းပင်ဖြစ်ကြောင်း PPSST ၏ ထုတ်ပြန်ချက်ကဆိုသည်။

ယင်းအပြင် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး၏ ဘုံသဘောထားသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံ၏ကြိုးပမ်းမှုကို စစ်ကောင်စီက ယခုအချိန်ထိ ပူးပေါင်းဆောင်ရွက်မှုမပြုနိုင်ခြင်းမှာ နိုင်ငံရေးအကျပ်အတည်းအား ငြိမ်းချမ်းရေးနည်းလမ်းနှင့်ဖြေရှင်းရေးကို အဟန့်အတားပြုခြင်းပင်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောထားသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်နေသည့်ကာလမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအပြင် အခြားကဏ္ဍများ၌ အစစအရာရာ ယိုယွင်းပျက်စီးနေခြင်းမှာ စီမံအုပ်ချုပ်ရေးနည်းလမ်းမမှန်ခြင်းဖြစ်ကြောင်း PPST က ပြောဆိုထားသည်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားကြရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ကြီးယွက်စစ်က တိုက်တွန်းထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ခု ပါဝင်သည့် NCA – S EAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဗီဒီယိုများ