ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်သည့်အဖွဲ့များကို စစ်ကောင်စီဝေဖန်

စစ်ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ကြားထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိပြီး ကျန်မတက်ရောက်သည့်အဖွဲ့များကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့(မေလ ၁၀ ရက်နေ့)က ဝေဖန်ထားသည်။

11 May 2022

DMG ၊ မေ ၁၁

စစ်ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ကြားထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိပြီး ကျန်မတက်ရောက်သည့်အဖွဲ့များကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့(မေလ ၁၀ ရက်နေ့)က ဝေဖန်ထားသည်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မလာဘူးဆိုတဲ့အဖွဲ့တွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာထားရှိတဲ့ သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုအပေါ်မှာထားရှိတဲ့ သဘောထား ပေါ်လွင်စေတယ်လို့ပဲ ပြောလိုပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဝေဖန်ပြောကြားချက်ကို ယနေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သဘောမတူဘဲ အဆိုပါဆွေးနွေးပွဲ မည်မျှအကျိုးရှိမည်ဆိုသည့်အပေါ် ဘက်ပေါင်းစုံမှသုံးသပ်ပြီးမှသာလျှင် တက်၊မတက်ဆုံးဖြတ်ကြခြင်းဟု ဆိုသည်။

“ဒီလိုပြောတာကတော့ သူတို့ရဲ့ တစ်ဖက်သတ်သုံးသပ်ချက်ပဲဖြစ်တယ်။ ဆန္ဒစောလို့လည်းမရဘူး။ ဒီဖက်က အခြေအနေရပ်တည်မှုတွေကိုလည်း သူတို့ဖက်ကစဉ်းစားသင့်တယ်။ အလျင်စလိုလုပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အဖွဲ့အစည်းဆိုတာကလည်း ကိုယ်တစ်ယောက်တည်းလုပ်လို့ရတာမဟုတ်ဘူး။ ပြည်သူလူထုရဲ့ဆန္ဒကိုလည်း ထည့်စဉ်းစားရတယ်။ ပြည်သူလူထုရဲ့ သဘောထားကဘာလဲ။ နောက်ပြီး ဒီဖိတ်ခေါ်ချက်အကျိုးကျေးဇူးက ဘယ်လောက်ဖြစ်မလဲ။ ဘက်ပေါင်းစုံကိုသုံးသပ်ပြီးမှ မတက်ဖြစ်၊တက်ဖြစ် ဆုံးဖြတ်ကြတာ”ဟု ဦးဖေသန်းက ပြောသည်။

အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၇)ဖွဲ့နှင့် NCA လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(၃)ဖွဲ့ တက်ရောက်မည်ဟု စာရင်းပေးထားသည်။

“တစ်ချို့အဖွဲ့တွေကတော့ မြင်တွေ့နေရတဲ့အတိုင်းပဲ သူတို့ကကြေညာချက်တွေထုတ်ပြီး မတက်ရောက်ဘူး ဆိုတာလည်းတွေ့ရပါတယ်။ တချို့အဖွဲ့တွေကတော့ သူတို့အဖွဲ့အတွင်းမှာ ညှိနှိုင်းတိုင်ပင်နေဆဲ ဖြစ်တဲ့အတွက်ကြောင့် စောင့်ကြည့်ချင်တဲ့သဘောပြောတဲ့အဖွဲ့လည်းရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။

ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(KIA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့သည် ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ မပါဝင်ဟုဆိုကာ မတက်ရောက်ကြောင်း ထုတ်ပြန်ထားကြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး “ကျနော်ပြောချင်တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ EAO တွေထက်ပိုပြီး ပတ်သက်တဲ့သူ ဘယ်သူတွေရှိဦးမှာလဲ။ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးဆိုတဲ့ နေရာမှာ EAO တွေထက် ပါဝင်သင့်ပါဝင်ထိုက်သူ ဘယ်သူများရှိဦးမှာလဲ။ ကျနော်သတင်းစာရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ ပုဂ္ဂိုလ်ရေးထက် ဒီအချိန်ဟာအချိန်ကောင်းဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ဆွေးနွေးပွဲကို စာရင်းပေးထားသည့်အဖွဲ့အစည်းများ အဆင်ပြေနိုင်သည့်အချိန်ကိုသာ ဦးစားပေးမည် ဖြစ်ကြောင်းနှင့် အမြန်ဆုံးဆွေးနွေးသွားရန် ရည်မှန်းထားသည်ဟုလည်း ဆိုထားသည်။ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်လာလျှင် ဦးစားပေးလုပ်ဆောင်သွားရမည်ဖြစ်သောကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာအာမခံထားသည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

“ဒါတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့လိုလားချက်တွေကိုပါ ရင်းနှီးပွင့်လင်းစွာ ဆက်လက်ပြီးဆွေးနွေးသွားမှာ ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်ဖို့ဆိုရင် ကျွန်တော်တို့အလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ဆွေးနွေးပွဲတက်ရောက်မည့်အထဲတွင် NCA လက်မှတ်ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ပါဝင်သည်။

ထို့ပြင် NCA လက်မှတ်မရေးထိုးထားသည့်  ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA )၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် မိုင်းလားအဖွဲ့(NDAA)တို့လည်း တက်ရောက်ရန် စာရင်းပေးထားသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်(MNDAA)၊ တအာန်း(TNLA)တို့မှာ လက်ရှိအချိန်ထိ စာရင်းပေးထားခြင်းမရှိသေးဘဲ စောင့်ကြည့်ဆဲသာဖြစ်သည်ဟု AA ဘက်က မီဒီယာတစ်ချို့ကို ပြောထားသည်။

ဗီဒီယိုများ