တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ဆုံရန် စစ်ကောင်စီဥက္ကဋ္ဌ ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် ဖိတ်ခေါ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဧပြီလ ၂၂ ရက်)တွင် ပြောကြားလိုက်သည်။

22 Apr 2022

DMG ၊ ဧပြီ ၂၂

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် ဖိတ်ခေါ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဧပြီလ ၂၂ ရက်)တွင် ပြောကြားလိုက်သည်။

ယခု ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီဥက္ကဋ္ဌမှ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြရန်နှင့် တက်ရောက်မည်သူ၊ ပုဂ္ဂိုလ်များ၏အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ကို နောက်ဆုံးထားစာရင်းပေးပို့ရန်လည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“နှစ်ဖက်ညှိနှိုင်းပြီးတော့ ရက်သတ်မှတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏အရသာကို ခံစားနိုင်ရေး ကျွန်တော်တို့အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာဆွေးနွေးသွားပါမယ်။ ပြည်ထောင်စုသားအားလုံးရဲ့အကျိုးကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တိုင်းရင်းသားလက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာအာမခံကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူထားသည်မှာ လက်ရှိတွင် တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ