ကျိုက်ထိုမြို့နယ်သို့ အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းရန်ဝင်ရောက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို ကေအန်ယူတပ်မဟာ (၁) KNLA ပူးပေါင်းအဖွဲ့က ဇွန် ၇ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

08 Jun 2022

DMG ၊ ဇွန် ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းရန်ဝင်ရောက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို ကေအန်ယူတပ်မဟာ (၁) KNLA ပူးပေါင်းအဖွဲ့က ဇွန် ၇ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

ပဲခူးတိုင်း ဝေါမြို့မှ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းရန် ဝင်ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို အင်္ဂဘိုလ်နှင့် ဘိုက္ကားကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းဖြစ်တစ်ဦးက ပြောသည်။

“ စစ်ကား ၁၀ စီးလောက်က ဝေါကနေ ကျိုက်ထိုဘက်ကိုဝင်လာတာ။ အင်္ဂဘိုလ်နဲ့ ဘိုက္ကားရွာ ကြားရောက်တော့ မိုင်းဆွဲခဲ့ တာဖြစ်ပါတယ်။ ယာဉ်တန်းထဲက ငါးစီးထိသွားတယ်။ အပြန်အလှန်ပစ်ခတ်တာလည်း ရှိခဲ့တယ် ” ဟု ၎င်းက ပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ယာဉ်တန်းမှ စစ်ကား ၅ စီးမှာ ကျိုက်ထိုမြို့တွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ကျန်စစ်ကား ငါးစီးမှာ ဒေါင်းတောင်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

“ မိုင်းဆွဲတိုက်ခိုက်တဲ့ အသံကိုတော့ ကြားလိုက်ရတယ်။ အခုမြို့တွင်းထဲမှာ စစ်ကားငါးစီးရပ်ထားတယ် ကျန်စစ်ကားတွေက  ဒေါင်းတောင်ရွာဘက်ကို ပြန်လှည့်သွားတယ် ” ဟု ကျိုက်ထိုမြို့ ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန် လ (၂) ရက် နေ့လည်ပိုင်း အချိန်၌ သိမ်ဇရပ်မြို့နှင့် ကျိုက်ထိုမြို့ကြား ပျဉ်းကတိုးကျေးရွာဘက်သို့ စစ်ကောင်စီ အင်အား ၁၅၀ ကျော် ဝင်ရောက်ခဲ့မှုကြောင့် ဒေသခံကျေးရွာသားများ တိမ်းရှောင်ခဲ့ရသည်။

“ စစ်ကြောင်းထိုးတာ အခုမှ မဟုတ်ဘူး။ အရင်ငါးရက်လောက်ကြာပြီ။ အဲတုန်းကလည်း စစ်ကားတွေနဲ့ အင်အား ၁၅၀ လောက်ရှိမယ်။ ပျဉ်းကတိုးရွာထဲကို ဝင်လာလို့ ရွာသားတွေရှောင်လိုက်ရတယ် ” ဟု သိမ်ဇရပ်မြို့ ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းသို့ သိမ်ဇရပ်မြို့အခြေစိုက် အမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုအကြိမ် ၉ ကြိမ်ထက်မနည်းရှိခဲ့သည်။

ကျိုက်ထိုမြို့နယ်အနီးသို့ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစပြီး ယခု ၂၀၂၂ ခုနှစ် ဇွန်လ ပထမအပတ်အထိ ကေအန်ယူတပ်မဟာ (၁) KNLA ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲအကြိမ် ၂၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် ဒေသခံ ၁၀၀၀၀ ကျော်မှာနေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။

ဗီဒီယိုများ