ရခိုင်တွင် အောက်ဆီဂျင်မလုံလောက်၍ ပြည်မကို အားကိုးနေရသည်ဟု ပြည်နယ်စစ်ကောင်စီပြော

ရခိုင်တွင် လိုအပ်သည့်အောက်ဆီဂျင်ကို လက်ရှိတွင် ပြည်နယ်အတွင်းမရရှိသေးသည့်အတွက် ပြည်မမှ အောက်ဆီဂျင်များကို အားကိုးနေရကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

01 Aug 2021

DMG ၊ ဇူလိုင် ၃၁

ရခိုင်တွင် လိုအပ်သည့်အောက်ဆီဂျင်ကို လက်ရှိတွင် ပြည်နယ်အတွင်းမရရှိသေးသည့်အတွက် ပြည်မမှ အောက်ဆီဂျင်များကို အားကိုးနေရကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိ ရခိုင်ပြည်တွင် အောက်ဆီဂျင်ထုတ်လုပ်မှုအပိုင်း၌ မြို့နယ်တချို့အပါအဝင် အမ်းနှင့် စစ်တွေရှိ တပ်ဆေးရုံများမှ တစ်ရက်လျှင် ၄၀ လီတာအိုး ၁၅၀ ခန့်သာ ထွက်ရှိနေသေးသည်ဟု ဦးလှသိန်းကပြောသည်။

“မကြာခင်က သံတွဲမှာ တရက်ကို ၄၀ လောက်ထွက်ခဲ့သေးတယ်။ ဒါပေမယ့် အခုတော့ ရေမြှုပ်သွားတဲ့အတွက် မထွက်သေးဘူး၊  လက်ရှိမှာ စစ်တွေဆေးရုံတစ်ခုတည်းက တရက်ကို အလုံး ၁၅၀ သုံးနေရတယ်။ ရခိုင်ပြည်နယ်က ထွက်သမျှ အောက်ဆီဂျင်တွေက စစ်တွေဆေးရုံတစ်ခုတည်းနဲ့ ကုန်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွက် လိုအပ်သည့် အောက်ဆီဂျင်များကို မြောင်းတကာရှိ တပ်မတော်ပိုင် သံမဏိစက်ရုံနှင့် ကပစ (ထုံးဘို) တို့မှ အလုံး ၁၄၀ ရယူကာ တောင်ကုတ်မှတစ်ဆင့် သယ်ယူ၍ အသုံးပြုနေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“တောင်ကုတ်အထိ ကားစီစဉ်ရင် ကားခမပါဘဲ ဆီဖိုးသက်သက် ခြောက်သိန်းဖိုးလောက်ရှိတယ်။ ဒီအောက်ဆီဂျင်အိုးတွေကို ထုတ်လိုက်သွင်းလိုက် လည်နေဖို့အတွက် ကားသုံးလေးစီးလောက် စီစဉ်ထားရတယ်။ တောင်ကုတ်ကို ရောက်ရင် ခွဲပေးသင့်တာကိုခွဲပြီး ကျန်တာကို စစ်တွေဘက်ကို သယ်သယ်ရတယ်” ဟု ပြောသည်။

ထိုသို့ အောက်ဆီဂျင်မလုံလောက်မှုများရှိနေသည့်အတွက် မြောက်ဦးတွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံကို သက်ဆိုင်ရာ အထွေထွေဦးစီးဌာနနှင့် မြောက်ဦးဆရာတော်ကြီးတို့ ဦးစီးမှုအောက်တွင် ထားရှိရန် ပြောကြားခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အောက်ဆီဂျင်လိုအပ်ချက်များရှိပါက သွားရောက်ယူဆောင်နေရကြောင်း ဦးလှသိန်းက ရှင်းပြသည်။

လက်ရှိ၌ ရခိုင်ပြည် မြို့နယ် ၁၇ ခုလုံးတွင် ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံများ တည်ဆောက်လျှက်ရှိကြပြီး စက်ရုံလည်ပတ်ရန် အချိန်အတိုင်းအတာတစ်ခုထိ လိုအပ်နေသေးကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ထို့အပြင် ယခုလည်ပတ်နေသော မြောက်ဦးမြို့မှ နန်းဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ကိုသန်းထွန်းက “ ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့မှာ မီးပျက်တာကြောင့် အောက်ဆီဂျင် ထုတ်တဲ့နေရာမှာ အခက်အခဲကြုံခဲ့ရသေးတယ်။ စစ်ကောင်စီကတော့ အရံမီးစက်တစ်လုံး ပေးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီစက်ကို ထိတောင်မထိဘူး။ အလှူရှင်တွေကို အကူညီတောင်းထားတယ်။ တစ်ပတ်အတွင်း အရံမီးစက် တစ်လုံးဝယ်သွားမယ်” ဟု ဆိုသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၃၀ ရက်နေ့အထိ  COVID-19 ကြောင့် သေဆုံးလူနာ ၁၇၅ ဦးအထိ ရှိလာနေပြီး မြန်မာနိုင်ငံတွင် ဇူလိုင်လ ၃၀ ရက်နေ့ ည ၈ နာရီအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ (၃၁၄၅၆၄၆)ဦး၊ ဆေးရုံမှ ဆင်းခွင့်ရလူနာ (၂၀၅၆၇၇) ဦးနှင့် သေဆုံးသူ (၈၉၄၂ဦး) ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ