ဖမ်းဆီးခံ လူငယ် ၃၁ ဦးထဲက အချို့ကို ပြန်လည်လွှတ်ပေးနေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပြော

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၃၁ ဦးထဲက အချို့ကို ယနေ့ (ဇန်နဝါရီလ ၃၁ ရက်နေ့)တွင်  ပြန်လွှတ်ပေးနေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

31 Jan 2022

DMG ၊ ဇန်နဝါရီ ၃၁  

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၃၁ ဦးထဲက အချို့ကို ယနေ့ (ဇန်နဝါရီလ ၃၁ ရက်နေ့)တွင်  ပြန်လွှတ်ပေးနေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

“လွှတ်တာကတော့ သေချာတယ်။ အိမ်တိုင်ရာရောက်ပို့နေတယ်။ သိရတာက အသက်မပြည့်တဲ့ လူငယ်တွေ ပါတယ်လို့ သိရတယ်။ လူဘယ်လောက်လွှတ်ပေးမှန်းမသိဘူး။ လူငယ်တွေကတော့ မြို့နယ်တစ်ခုတည်းက မဟုတ်ဘူး။ ” ဟု ဦးလှသိန်းက ဆိုသည်။

ယင်းလူငယ် ၃၁ ဦးထဲက ၈ ဦးကို ကျောက်ဖြူမြို့နယ်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု မီဒီယာအချို့နှင့် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော်လည်း ကျောက်ဖြူမြို့နယ် စခန်းမှူး ဒုရဲမှူး ခင်မောင်ဆွေက အတည်မပြုပေ။

“ ကျနော်တို့ စခန်းဆီကိုတော့ ရောက်မလာဘူး။ အပ်တာလည်း မရှိဘူး။ ပြန်လွှတ်ပေးတယ်ဆိုတာလည်း ကျနော်တို့ မသိဘူး။ ကျနော်တို့ ရဲဘက်ကတော့ မပါဘူး။ ” ဟု ဒုရဲမှူး ခင်မောင်ဆွေက ပြောသည်။

လွှတ်ပေးသည်ဟု သတင်းထွက်ပေါ်နေသည့် ၈ ဦးမှာ ကျောက်ဖြူမြို့နယ် စနဲဘက်ကဟု DMG မှ သတင်းအစန သိရသော်လည်း စနဲအုပ်ချုပ်ရေးမှူးက အတည်မပြုပေ။ ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံကလည်း အတည်မပြုပေ။ ဆက်လက်ပြီး အဆိုပါ ၈ ဦး၏ မိသားစုဝင်များနှင့် ဆက်သွယ်မှုရရှိရန် DMG မှ ကြိုးစားနေဆဲဖြစ်သည်။

ယင်း ၈ ဦးအပါအဝင် လူငယ် ၃၁ ဦးစလုံး ပြန်လွတ်လာပြီဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့နေဆဲဖြစ်သည်။ သို့သော် DMG ၏ သတင်းရင်းမြစ်အချို့ပြောပြချက်အရ ယင်းလူငယ် ၃၁ ဦးထဲက အချို့ကို ရန်ကုန်ဘက်သို့ လွှဲပြောင်းပို့ဆောင်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ထို့ပြင်  ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (သို့မဟုတ်) ညှိနှိုင်းရေးလုပ်ငန်းစဉ်တို့တွင် ပါဝင်ပတ်သက်နေသူများကို DMG က ဆက်သွယ်သော်လည်း အတိအကျ ပြောဆိုနိုင်ခြင်းမရှိပေ။

ဖမ်းဆီးခံ လူငယ် ၃၁ ဦးမှာ ရခိုင်လူငယ်များဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့က မောင်တောမြို့သို့သွားရောက်ရာမှာ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၂၄ က ဖမ်းဆီးခဲ့ကာ မြန်မာစစ်တပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း မောင်တောမြို့ရှိ ဌာနဆိုင်ရာတစ်ခုက အတည်ပြုပြောဆိုထားသည်။

ဗီဒီယိုများ