မောင်တောတိုက်ပွဲမှာ ရန်စမှုတစ်ခုဖြစ်ကြောင်း စစ်ကောင်စီက AA ကို အပြစ်ပြော

ပြီးခဲ့သည့် မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခြင်းမှာ မလုပ်သင့်မလုပ်ထိုက်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း စစ်ကောင်စီဘက်က AA ကို အပြစ်တင်ပြောဆိုလိုက်သည်။

26 Jul 2022

Photo Crd - APM

DMG ၊ ဇူလိုင် ၂၆

ပြီးခဲ့သည့် မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခြင်းမှာ မလုပ်သင့်မလုပ်ထိုက်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း စစ်ကောင်စီဘက်က AA ကို အပြစ်တင်ပြောဆိုလိုက်သည်။

“တပ်မတော်အနေနဲ့ ဒေသခံရခိုင်လူထုရဲ့ အကျိုးကိုရှေးရှုပြီး စိတ်ရှည်သည်းခံခဲ့ပါတယ်။ ဒါပေမယ့် AA အဖွဲ့က မလုပ်သင့်မလုပ်ထိုက်တဲ့ ရန်စမှုကို ဇူလိုင်က ၁၈ ရက်နေ့ မောင်တောမြို့နယ်အတွင်း နေရာနှစ်ခုမှာ လုပ်ဆောင်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးပြီး တချို့ဖမ်းဆီးခံခဲ့ရပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့(ဇူလိုင်လ ၂၆ ရက်)တွင် ပြုလုပ်သည့် (၁၈)ကြိမ်မြောက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း(ရခိုင်)ရွာအကြားမှာ တစ်ကြိမ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားတွင် တစ်ကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရခြင်းမှာ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ထိုင်း-ကရင်နယ်စပ်အနီး KNLA တပ်မဟာ(၅) ဧရိယာအတွင်းရှိ ရက္ခိုင့်တပ်တော်တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဂျတ်တိုက်လေယာဉ်(၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် လက်တုန့်ပြန့်သည့်အနေဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း AA ကဆိုသည်။

AA တပ်ဖွဲ့ဝင်များသည် ရှမ်းမြောက်နှင့် KIA ကချင်ဒေသများတွင်သာရှိသည့်အတွက် KNLA ကရင်ဒေသတွင် AA ရှိသည်ဆိုသည်မှာ ရိုးသားမှုမရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်ပြောသည်။

“AA ရဲ့ မူလအစက KIA နယ်မြေမှာဖြစ်ပြီး လက်ရှိအချိန်ထိ ရခိုင်ပြည်ဒေသအချို့မှာ လှုပ်ရှားနေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ သူတို့ ခေါင်းဆောင်အဆင့်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုမှုမှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်း၊ ရခိုင်ဒေသအချို့မှ သူတို့တပ်တွေရှိတယ်လို့ ဆိုထားပြီးဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲမှာရှိတယ်ဆိုတာ ဘယ်ခါမှ ပြောဆိုတာမတွေ့ရဘူး”ဟု ၎င်းကဆိုသည်။

ယင်းအပြင် KNLA ဒေသအတွင်း ဗုံးကြဲတိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ခိုက်ရန်အတွက် စစ်ဆင်ရေးလုပ်ရခြင်းဟု စစ်ကောင်စီကဆိုသည်။

“တပ်မတော်အနေနဲ့ လိုအပ်တဲ့စစ်ဆင်ရေးလုပ်တာ ပစ်ခတ်တိုက်ခိုက်မှုလုပ်တာဟာ ဘယ်တိုင်းရင်းသား၊ ဘယ်အဖွဲ့အစည်း၊ ဘယ်တပ်ကို စစ်ဆင်ရေးလုပ်တာလို့ မရှိပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ခိုက်ဖို့အတွက် စစ်ဆင်ရေးလုပ်တာလည်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထိုသို့ စစ်ကောင်စီ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး AA ၏ တုန့်ပြန့်ချက်ကိုရရှိနိုင်ရန် ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

စစ်ကောင်စီနှင့် AA တို့သည် ပြီးခဲသည့် ၂၀၂၀ နိုဝင်ဘာလမှ စပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ (နားလည်မှု)ဖြင့် တိုက်ပွဲများ ရပ်တန့်ထားနိုင်ခဲ့သသော်လည်း ယခုရက်ပိုင်းတွင် တိုက်ပွဲကြိုးကြားဖြစ်ပွားလာကာ ရခိုင်ဒေသအပါဝင် ပလက်ဝမြို့နယ်များတွင်လည်း ၎င်းတို့အကြား စစ်ရေးတင်းမာနေသည်။

လက်ရှိ ရခိုင်တွင် AA တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ရေးရာ ဆက်နွယ်သူများကို ဖမ်းမှုများရှိနေပြီး စစ်ကောင်စီဘက်ကလည်း ဒေသခံများကို AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးမှုများရှိနေသည်။

ဗီဒီယိုများ