စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်နေသည့် ဆမီးမြို့သို့ ရခိုင်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်

ရိက္ခာသယ်ယူရာလမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ရခိုင်ပြည်နယ်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

14 Sep 2021

DMG ၊ စက်တင်ဘာ ၁၄

ရိက္ခာသယ်ယူရာလမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ရခိုင်ပြည်နယ်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် ဆမီးမြို့မှဒေသခံများအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ဘက်မှ ဆန်အိတ်တစ်ထောင်ကျော်ကိုသယ်ယူကာ ပလက်ဝမြို့မှတစ်ဆင့် ဆမီးမြို့သို့ပို့ဆောင်ခဲ့ကြောင်း ဆမီးဒေသခံများပြောကြားချက်အရ သိရသည်။

“ဟိုဘက် ဒီဘက်ချိတ်ဆက်ပြီးတော့ ပုဂ္ဂလိကအနေနဲ့သယ်ယူနေတာ။ ဆန်အိတ်တစ်ထောင်ကျော် သယ်ယူပို့ထားတယ်။ အဲဒီဆန်တွေကုန်မှဘဲ နောက်တစ်ခေါက်သွားသယ်ယူမှာဖြစ်တယ်”ဟု အမည်မဖော်လိုသည့် ဆမီးဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ဆမီးမြို့ဒေသခံများအတွက် ရိက္ခာလုံလောက်သည့်အနေအထားမှာရှိနေသော်လည်း ကျောက်တော်ဘက်မှသယ်ယူပို့ဆောင်ပေးနေသည့် ဆန်ရိက္ခာများကို ဈေးပိုပေးကာ ဝယ်ယူစားသောက်နေရကြောင်း သိရသည်။

ကာလပေါက်ဈေး ရိုးရိုးဆန်တစ်အိတ်လျှင် (၂၅၀၀၀)ဝန်းကျင်ရှိသော်လည်း ဆမီးမြို့တွင်(၃၈၀၀၀)ကျပ်ဖြင့် ပေးဝယ်စားသောက်နေရပြီး အခြားဆီ၊ ဆား၊ ကြက်သွန် စသည့်စားသောက်ကုန်ပစ္စည်းများလည်း ယခင်ကထက်ဈေးပိုပေးကာ ဝယ်ယူစားသောက်နေရကြောင်း ဒေသခံများကပြောသည်။

“လောလောဆယ်မှာတော့ ရိက္ခာလုံလောက်မှုတော့ရှိတယ်။ အရင်တလောကဆိုရင် ပြတ်လပ်မယ့်အနေအထားမှာရှိခဲ့တယ်။ ကုန်ပစ္စည်းတွေကတော့ အရင်ကထက် တစ်ဆလောက်တော့ မြင့်တက်နေသေးတယ်” ဆမီးဒေသခံတစ်ဦးဖြစ်သည့် ဦးမျိုးဇံက ပြောသည်။

ဆမီးမြို့အတွက် အဓိကရိက္ခာသယ်ယူရာလမ်းဖြစ်သည့် မတူပီ-မင်းတပ်-ပခုက္ကူလမ်းကြောင်းမှာပိတ်ထားသဖြင့် ဆမီးမြို့သို့ ရိက္ခာမရောက်ရှိနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လအတွင်းက ဆမီးမြို့သို့လာရောက်သည့် ကုန်တင်ကားတစ်စီးမှာ မတူပီနှင့်ဆမီးကြားတွင် မီးရှို့ခံရမှုဖြစ်ပွားခဲ့သဖြင့် ယင်းလမ်းကြောင်းအား မြန်မာစစ်တပ်က သွားလာရေးကန့်သတ်လိုက်သဖြင့် ကုန်တင်ယာဉ်များ မသွားရဲမလာရဲဖြစ်နေကြသည်ဟု ဒေသခံများကပြောသည်။

ဆမီးမြို့အတွက် ရိက္ခာသယ်ယူပို့ဆောင်နေသည့်လမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် ဒေသခံများမှာ တစ်လနီးပါးစားနပ်ရိက္ခာအခက်အခဲများဖြင့် ကြုံတွေ့ခဲ့ကြရသည်။

ယင်းကြောင့် ကျောက်တော်ဘက်မှ ရိက္ခာများကိုသယ်ယူပြီး ပလက်ဝမှတစ်ဆင့် ဆမီးမြို့သို့ပို့ဆောင်နိုင်ရန်အတွက် မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများနှင့်ဆွေးနွေးပြီး စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းခံကာ သယ်ဆောင်နေရကြခြင်းဖြစ်သည်။

ဗီဒီယိုများ