စစ်တွေမြို့အတွင်း သဲတင်ကားများသွားလာမှုကို စနစ်တကျထိန်းချုပ်ပေးရန် ဒေသခံများတောင်းဆို

စစ်တွေမြို့အတွင်း သွားလာနေသည့် သဲတင်ကားများကို တာဝန်ရှိသူများမှ စနစ်တကျထိန်းချုပ်မှုများပြုလုပ်ပေးရန် ဒေသခံများကလိုလားနေကြသည်။

23 May 2022

DMG ၊ မေ ၂၃

စစ်တွေမြို့အတွင်း သွားလာနေသည့် သဲတင်ကားများကို တာဝန်ရှိသူများမှ စနစ်တကျထိန်းချုပ်မှုများပြုလုပ်ပေးရန် ဒေသခံများကလိုလားနေကြသည်။

လက်ရှိတွင် သဲတင်ကားများမှာ မြို့တွင်းလမ်းမများတွင်သွားလာနေကြပြီး ထိုသို့သွားလာနေသည့်အတွက် ယာဉ်ကြောများပိတ်ဆို့ခြင်း၊ တင်ထားသည့်သဲများ လမ်းမများတွင်လွင့်စင်ကျမှုတို့ကြောင့် ယာဉ်များမောင်းနှင်ရာတွင် အဆင်မပြေခြင်းများနှင့်ကြုံတွေ့နေရကြောင်း ဒေသခံများကဆိုသည်။

စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က “ဒီကားတွေက မောင်းချင်သလိုမောင်းနေကြတယ်။ လမ်းတွေမှာဆိုရင်လည်း အရှိန်နဲ့မောင်းနေကြတယ်။ အဲဒီလို အရှိန်နဲ့မောင်းတော့ ချိုင့်တွေနဲ့ဆောင့်မိရင် သဲတွေကလွင့်စဉ်လာပြီး အနောက်ကပါလာတဲ့ ဆိုင်ကယ်မောင်းသူတွေမျက်လုံးထဲဝင်ကုန်တာမျိုးတွေ ခဏခဏဖြစ်တယ်”ဟု ဆိုသည်။

ထို့အပြင် စစ်တွဟိုတယ်ဘက်မှ ကမ်းနားဘက်သို့ဆင်းရာ လမ်းတစ်လျှောက်တွင်လည်း နေ့စဉ်သဲကားများသွားလာမှုကြောင့် အနီးအနားရှိ ဈေးဆိုင်များနှင့် နေထိုင်သူအချို့မှာ များစွာအခက်တွေ့နေကြရသည်ဟုဆိုသည်။

“ကျွန်တော်တို့ဆိုင်မှာ နေ့ဘက်ဆိုရင် စားသုံးသူတွေရှိတယ်။ ဒါပေမယ့် အဲ့ဒီကားတွေက တရက်လုံးသွားနေကြတယ်။ သွားတာတောင် ရိုးရိုးမသွားဘူး။ အရှိန်နဲ့မောင်းကြသလို၊ ဟွန်းတွေလည်းအကျယ်ကြီးတီးကြတယ်။ အဲကားတွေက လွင့်လာတဲ့ဖုန်တွေကိုရှူရတဲ့အတွက် ကျွန်တော့လသားအရွယ်ကလေးဆိုရင် အသက်ရှူတာအဆင်မပြေလို့ ဆေးရုံတက်ကုရတာတွေတောင်ရှိတယ်”ဟု စစ်တွေဟိုတယ်အနီးတွင်ဖွင့်လှစ်ထားသည့် နိုင်ကြီးစားသောက်ဆိုင်ပိုင်ရှင် ကိုနိုင်ကြီးကပြောသည်။

ထို့အပြင် သဲကားများသွားလာမှုများကြောင့် စစ်တွေဟိုတယ်ဘက်မှ ကမ်းနားဘက်သို့ဆင်းရာလမ်းတစ်လျှောက်တွင် ကားမှကျကျန်ရစ်ခဲ့သည့်သဲများဖြင့် ပေပွနေပြီး မိုးရွာသည့်အခါ ဗွက်များထနေသည့်အတွက် ကမ်းခြေသို့လာရောက်သူများအနေဖြင့် သွားလာရေးအဆင်မပြေမှုများနှင့်ကြုံတွေ့ရကြောင်း ဒေသခံအချို့ကဆိုသည်။

“ကျွန်တော်တို့က ကမ်းခြေကို အပန်းဖြေဖို့အတွက်သွားကြတယ်။ ဒါပေမယ့် စစ်တွေဟိုတယ်ကိုမရောက်ခင် လမ်းတစ်လျှောက်လုံး သဲတွေပုံနေတာတွေနဲ့ လမ်းတစ်လျှောက်လုံး ဗွက်ပေါက်နေတာတွေကြောင့် တော်တော်လေးအဆင်မပြေဖြစ်ရတယ်။ ဒီကြားထဲ သဲကားတွေကလည်း အရှိန်နဲ့မောင်းနေတာကို ခဏခဏကြုံရတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိ စစ်တွေမြို့တွင် မည့်သည့်ယာဉ်အမျိုးအစား မြို့တွင်းမဝင်ရဟူသည့် စည်းကမ်းသတ်မှတ်ချက်နှင့် ညွှန်ကြားချက်တစ်စုံတစ်ရာမရှိသေးကြောင်းနှင့် ထိုသို့သတ်မှတ်ချက်များကို စစ်တွေမြို့စည်ပင်သာရေးကော်မတီမှ ဆောင်ရွက်ရမည်သာဖြစ်ကြောင်း ယာဉ်ထိမ်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကဆိုသည်။

လက်ရှိစစ်တွေမြို့တွင် ယာဉ်များသွားလာရေးသတ်မှတ်ချက်များနှင့်ပတ်သက်၍ မည်သို့သတ်မှတ်ထားသည်ကိုသိရှိနိုင်ရန် စစ်တွေမြို့စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

လက်ရှိ စစ်တွေမြို့ စစ်တွေဟိုတယ်နှင့် တစ်မိုင်ခန့်အကွာတွင် သဲမြေတူးခွင့်နေရာရှိပြီး စစ်တွေမြို့ ကန်တော်ကြီးအတွင်းတွင်လည်း မြေတူးဖော်ခွင့်များပေးထားကြောင်း သိရသည်။

ဗီဒီယိုများ